A d v e r t i s e m e n t With Us

အဝတ်မပါမော်ဒယ် ပြုတ်ကျသေဆုံးမှု အသတ်ခံရဟု ဗြိတိန်ရဲအရာရှိဟောင်းပြော

မလေးရှားနိုင်ငံမှာ   မူးယစ်ဆေးဝါး အလျှံအပယ်ရတဲ့ ပါတီပွဲတက်ပြီး ဒက်ခ်ျလူမျိုး ဆယ်ကျော်သက် မော်ဒယ်တဦး အဝတ်မပါဘဲ ၁၄ ထပ်ပေါ်က ပြုတ်ကျသေဆုံးမှုဟာ အသတ်ခံရတာလို့ ဗြိတိန် ရဲအရာရှိဟောင်း တဦးက ပြောလိုက်ပါတယ်။ ကွာလမ်လမ်ပူမှာ အောင်မြင်နေတဲ့ အသက် ၁၉ နှစ်အရွယ် အိုင်ဗန်နာစမစ်ဆိုတဲ့ မော်ဒယ်က မူးယစ်ဆေးဝါးနဲ့ အရက် အလျှံအပယ်ရတဲ့ ပါတီတက်ရင်း မတော်တဆဖြစ်ပြီး သေဆုံးတာလို့ ဒေသခံရဲတွေက ပြောပါတယ်။ ဒါပေမယ့် ဗြိတိန် နာမည်ကြီး အလွတ်စုံထောက် မာ့က်ဝီလျံမ်သောမက်စ်ဆိုသူက အကယ်၍ ဒီမတော်တဆမှုက ယူကေမှာသာ ဖြစ်ခဲ့ရင် ရဲတွေက လူသတ်မှုအဖြစ် သတ်မှတ်မှာလို့ ဆိုပါတယ်။ ဒီဇင်ဘာလတုန်းက ကွာလမ်လမ်ပူမှာ ညဘက် အပြင်ထွက်ခဲ့ပြီး မနက် ၅ နာရီလောက်မှာ အမေရိကန် ကုန်သည်နဲ့ သူ့ အင်ဒိုနီးရှား ဇနီးတို့ရဲ့ အထပ် ၂၀ က အခန်းကို အိုင်ဗန်နာ ပြန်လာခဲ့တာလို့ သူမရဲ့ မိသားစုက အခိုင်အမာ ပြောလိုက်ပါတယ်။ နာရီအနည်းငယ်ကြာပြီးတဲ့နောက် အိုင်ဗန်နာ ၆ ထပ် ဝရန်တာပေါ်က ပြုတ်ကျတယ်လို့ ထင်ရပြီး သူမရဲ့ အဝတ်မပါတဲ့ အလောင်းကို တွေ့ခဲ့ကြတာပါ။ သေဆုံးမှုမှာ ဘာရာဇဝတ်မှု အထောက်အထေားမှ မတွေ့ရဘူးလို့ မလေးရှားရဲတွေက ပြောပေမယ့် အိုင်ဗန်နာ သေဆုံးတဲ့ ညမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ စုံစမ်းဖို့ အိုင်ဗန်နာရဲ့ မိဘတွေ အလွတ်စုံထောက် ဝီလျံမ်သောမက်စ်ကို ငှားရမ်းခဲ့ပါတယ်။ “ဒီအပတ်ထဲမှာ ကျနော်ရခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့ မှုခင်းစစ်ဆေးချက်တွေကရတဲ့ သတင်းတွေအရ ယူကေမှာသာဆို ဒီအမှု လူသတ်မှုအနေနဲ့ စုံစမ်းမယ်ဆိုတာ ရှင်းရှင်းကြီး ပြောနိုင်တယ်။ ကျနော်လုံးဝ သံသယ မရှိဘူး” လို့ မစ္စတာ ဝီလျံမ်က ဘယ်လ်ဂျီယမ် တီဗွီသတင်းဌာန လင်းမ်ဘာ့ဂ်ကို ပြောပါတယ်။ မစ္စတာဝီလျံမ်က သူရဲ့ နောက်ဆုံး ပိုမိုရရှိလာတဲ့ သတင်းအချက်အလက်တွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ တွီတာပေါ်မှာ ဖော်ထုတ်ရေးသားမယ်လို့လည်း ပြောပါတယ်။ အိုင်ဗန်နာရဲ့ဖခင် မာစယ်လ်ကတော့ အမှုကို ရဲတွေက အမြန်ပိတ်ချင်ပေမယ့် အိမ်နီးနားချင်းတွေက အော်သံတွေနဲ့ ရန်ဖြစ်သံတွေ ကြားတယ်လို့ဆိုပြီး အမေရိကန်ကုန်သည်နဲ့ သူ့ဇနီးအတွဲက မော်ဒယ် ငယ်ငယ်တွေကို သူတို့အခန်းခေါ်ပြီး ပါတီပွဲနဲ့ လိင်ကစားပွဲတွေလုပ်တဲ့ အုပ်စုလိုက် လိင်ဆက်ဆံသူတွေဆိုတာ သူ့ကို တစုံတယောက်က ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ အိုင်ဗန်နာက မသေဆုံးခင် နာရီပိုင်းမှာ အမေရိကန်သူဌေး အသက် ၄၅ နှစ်အရွယ် အလက်ဇန္ဒြားအမာဒိုနဲ့ အင်ဒိုနီးရှားဇနီး လူနာတို့ရဲအိမ်မှာ ရှိခဲ့တာလို့ ဒေးလီးမေးလ်သတင်းကလည်း ထုတ်ပြန်ထားပါတယ်။ လင့်က်ဒ်အင် လူမှုကွန်ရက်မှာ တင်ထားတာအရ အလက်ဇန္ဒြားက အဲဗရက်စ်ဝဲလ်ဒ် (Everus World) ဆိုတဲ့ ကုမ္ပဏီ တည်ထောင်သူဖြစ်ပြီး ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာပေါ်က ထုတ်ပြန်ချက်မှာ “အဲဗရက်စ် ကုမ္ပဏီက ကျနော်တို့ ဝန်ထမ်းတဦး ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားအာဏာပိုင်တွေ စုံစမ်းနေတာ သိရှိပါတယ်။ ကုမ္ပဏီအနေနဲ့လည်း ဒီကိစ္စကို သေချာ အကဲခတ် စောင့်ကြည့်နေပါတယ်။ အာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ပြန်ချက် မတိုင်ခင် ကျနော်တို့အနေနဲ့ နောက်ထပ် မှတ်ချက် မပေးနိုင်ပါဘူး၊ ကျေးဇူးတင်ပါတယ်” လို့ ရေးထားပါတယ်။ ဒါပေမယ့် အိုင်ဗန်နာရဲ့ ဖခင်ဖြစ်သူက “မူးယစ်ဆေးဝါးနဲ့ လိင်ပါတီပွဲတွေဆိုတာ အိုင်ဗန်နာရဲ့ ကမ္ဘာမဟုတ်ဘူး” လို့လည်း ပြောထားပါတယ်။ အိုင်ဗန်နာကို ဒုတိယအကြိမ် ခွဲစိတ်စစ်ဆေးဖို့ သူမမိသားစုက ငှားရမ်းထားတဲ့ ဒက်ခ်ျလူမျိုး ရောဂါဗေဒပညာရှင်က သူမရဲ့ သွေးထဲမှာ အရက်၊ ကိုကင်းနဲ့ အခြားမူးယစ်ဆေးဝါးတွေ တွေ့တယ်လို့ ပြောပါတယ်။ အိုင်ဗန်နာရဲ့ လက်မောင်းအထက်ပိုင်းနားက အတွင်းကြေဒဏ်ရာတွေဟာ သူမ မသေဆုံးခင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကို ပြနေတယ်လို့ ရောဂဗေဒပညာရှင်က ပြောကြောင်း သည်ဆန်းသတင်းမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up