နေမာကို ရီးရဲလ်ခေါ်ယူသင့်ဟု ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒို ပြော

ဓာတ်ပုံ - အီးပီအေ
2.2K
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ခေါ်ယူသင့်တယ်လို့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက တိုက်တွန်းပြောကြားလိုက်ပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ Nlike ကထုတ်လုပ်တဲ့ ဘောလုံးကန်ဖိနပ် နှစ် ၂၀ ပြည့် အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။
နေမာဟာ ထိပ်တန်းကစားသမားဖြစ်တာကြောင့် နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ပြီး ရီးရဲလ်အသင်းအနေနဲ့ အဲဒီလို ကမ္ဘာ့အကောင်းဆုံး ကစားသမား လိုအပ်တယ်လို့ ရော်နယ်ဒိုက ပြောလိုက်တာပါ။
ရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ တရာသီအတွင်း ၄၉ ပွဲကစား ၄၇ ဂိုး သွင်းခဲ့သလို ရီးရဲလ်အသင်းမှာ ကစားခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း ၁၇၇ ပွဲကစား ၁၀၄ ဂိုး သွင်းယူခဲ့သူပါ။
Nike ကထုတ်လုပ်တဲ့ ဘောလုံးကန်ဖိနပ် နှစ် ၂၀ ပြည့် အထိမ်းအမှတ်ပွဲကို ရော်နယ်ဒိုနဲ့အတူ တခြားကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ နေမာ၊ ဟာဇက်၊ ဆန်းချက်ဇ်၊ အူဘာမီယန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။