သားဖွားဆရာမများအတွက် မွေးဖွားခြင်းဆိုင်ရာ မိုဘိုင်း Application မိတ်ဆက်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 8, 2018
ကိုယ်ဝန်ဆောင် မိခင်တွေအတွက် မွေးဖွားစဉ်နဲ့ မွေးဖွားပြီးချိန်တွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် သားဖွားဆရာ၊ ဆရာမတွေ အလွယ်တကူ ဖြေရှင်းနိုင်မယ့် မိုဘိုင်း Application ကို ကျန်းမာရေးဌာနက စတင်မိတ်ဆက်လိုက်ပါတယ်။
မိတ်ဆက် အခမ်းအနားကိုတော့ နေပြည်တော်ရှိ Kenpinski ဟိုတယ်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပခဲ့တာပါ။
အဲဒီ Application ထဲမှာက မွေးဖွားပြီး သွေးသွန်တာတွေ၊ မွေးကင်းစကလေး အရေးပေါ် အသက်ကယ်တာတွေ မွေးကင်းစကလေး သေဆုံးမှု မရှိရလေအောင် ကုသနည်းတွေ ပါဝင်တဲ့ ရုပ်ပြဗွီဒီယိုနဲ့ အသုံးပြုရမယ့် ဆေးဝါးညွှန်ကြားချက်တွေ ပါဝင်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက “သားဖွားဆရာမတွေက ဒီ Application ကို အသုံးပြုပြီးတော့ အရေးပေါ်အခြေအနေတွေမှာ လွယ်ကူလျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တော့မှာဆိုတော့ မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုတွေ မဖြစ်ပွားအောင် ကူညီစောင့်ရှောက်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ပြောပါတယ်။
အဲဒီ Application ကို ဒိန်းမတ်နိုင်ငံအခြေစိုက် Maternity Foundation ကိုပင်ဟေဂင်တက္ကသိုလ်နဲ့ ဒိန်မတ်တောင်ပိုင်းတက္ကသိုလ်တို့က စတင်ပြုစု ထုတ်လုပ်ခဲ့တာဖြစ်ပြီး အာဖရိကနိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံ ၄၀ ကျော်မှာ အသုံးပြုနေပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံဒေအတွင်းမှာ မိခင်သေဆုံးနှုန်းဟာ ဒုတိယအများဆုံး ဖြစ်နေပြီးတော့ ကိုယ်ဝန်ဆောင်တာနဲ့ သားဖွားတာတွေမှာ နှစ်စဉ် အမျိုးသမီး ၂၈၀၀ ဦးလောက် သေဆုံးနေတယ်လို့ သိရပါတယ်။
မိခင်သေဆုံးနှုန်းဟာ ၂၀၁၄ သန်းခေါင်းစာရင်းအရ အရှင်မွေး ၁ သိန်းမှာ ၂၈၂ ဦး သေဆုံးနေပြီးတော့ မွေးကင်းစကလေး သေဆုံးမှုနှုန်းဟာ ၂၀၁၅ - ၂၀၁၆ ကျန်းမာရေး စစ်တမ်းအရ အရှင်မွေး ၁၀၀၀ ဦးမှာ ၂၅ ဦး သေဆုံးနေတယ်လို့ သိရပါတယ်။