
ထိုင်ဝမ်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်၊ လူ ၂ ဦးသေဆုံး၊ ၂၀၀ ကျော်ဒဏ်ရာရ

Email This Story :
ထိုင်ဝမ်ကမ်းရိုးတန်း ဟွာလိအင်မြို့အနီးမှာ ဖေဖော်ဝါရီ ၆ ရက် ညက ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိ မြေငလျင် လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိကာ လူ ၁၅၀ လောက် ပျောက်ဆုံးနေတယ်လို့ ထိုင်ဝမ်အစိုးရက ပြောပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ယိမ်းယိုင်သွားတဲ့ အဆောက်အဦတခုမှာ ပိတ်မိနေသူတွေကို အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့အတွက် မီးသတ်သမားတွေက ကြိုးစားနေပါတယ်။
ပြိုကျတဲ့ အဆောက်အဦတခုမှာ လူ ၁၆ ယောက် ပိတ်မိနေတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
ပျက်စီးနေတဲ့ ဟိုတယ်တလုံးထဲမှာလည်း လူနှစ်ဦး ပိတ်မိနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။
“ငလျင်လှုပ်တဲ့အချိန်မှာ ကလေးတွေခေါ်ပြီး ကျေန်ာတို့ ဘေးကင်းရာကို ပြေးကြပါတယ်။ ကျေန်ာ့ဇနီးက ရှေ့မျက်နှာချင်းဆိုင်က တိုက်ပြိုကျတယ်လို့ ပြောတယ်။ အောက်ထပ်မှာ နေတဲ့လူတွေကိုပဲ ကျနော်တို့ ကယ်နိုင်ခဲ့ပါတယ်။ အထပ်မြင့်ကလူတွေဆီ ကျနော်တို့ မသွားနိုင်ပါဘူး။ မီးသတ်ကားတွေ ရောက်လာတဲ့အချိန်ထိ စောင့်ခဲ့ရပါတယ်” လို့ ဈေးဆိုင်ပိုင်ရှင် တဦးက ပြောပြခဲ့ပါတယ်။
ဟွာလိအင်မြို့ အရှေ့မြောက်ပိုင်း ၁၄ မိုင်အကွာမှာ လှုပ်ခတ်ခဲ့တဲ့ အဲဒီမြေငလျင်ဟာ အလွန်တိမ်တဲ့ အနက် ၁ ကီလိုမီတာမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။