မြန်မာနိုင်ငံအတွင်း ငလျင်များ လှုပ်နေသည်မှာ ၅ ရက်ဆက်တိုက်ရှိ
DVB
·
February 7, 2018
ကလေးမြို့နားမှာ ဒီနေ့ မနက်အစောပိုင်းက ငလျင်ငယ်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့၊ မနက် ၂ နာရီခွဲလောက်က ဟားခါးမြေငလျင်စခန်းရဲ့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက်အကွာ၊ ကလေးမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
ပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်၊ မြန်မာစံတော်ချိန် ည ၁၀ နာရီကျော်က ထိုင်ဝမ်နိုင်ငံမှာ ရစ်(ခ်)တာစကေး ၆ ဒသမ ၂ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်တခု လှုပ်ရှားသွားတာကို တိုင်းထွာရရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ဖြူးမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါသေးတယ်။
ဒီရက်ပိုင်းတွေမှာပဲ ဖေဖော်ဝါရီ ၄ ရက်က ဒေးဒရဲမြို့နားမှာ ရစ်(ခ်)တာစကေး ၄ အဆင့် ငလျင်တခု၊ ဖေဖော်ဝါရီ ၃ ရက်က တာချီလိတ်မြို့နားမှာ ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တွေ လှုပ်ခဲ့ပါတယ်။
ဓာတ်ပုံ - မိုးဇလ