ကျန်းမာရေးဌာနက တနှစ်အတွင်း လူပါင်း ၁၀ သန်းကို ကွင်းဆင်းကုသပေးနိုင်ခဲ့
DVB
·
February 6, 2018
ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအနှံ့ ကွင်းဆင်းကုသခဲ့တဲ့ အကြိမ်ပေါင်း ၁ ဒသမ ၈ သန်းရှိခဲ့ပြီး လူပေါင်း ၁၀ သန်းကို ဆေးကုသပေးခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဒီမနက် ပြည်သူ့လွှတ်တော်မှာ ပြင်ဦးလွင်မဲဆန္ဒနယ်က ဒေါက်တာအောင်ခင်ရဲ့ မြို့နယ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ Mobile medical team ဖွဲ့ပြီး ကျေးရွာတွေကို အလှည့်ကျ ကွင်းဆင်းကုသပေးဖို့ အဆိုကို ဆွေးနွေးရာမှာ ဝန်ကြီးက ပြောခဲ့တာပါ။
“ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပုံမှန်လုပ်နေသော လုပ်ငန်းများ ဖြစ်ပါတယ်။ ဘာတွေ လုပ်နေသလဲဆိုတာ အထောက်အထားနဲ့ တင်ပြပါမယ်။ ၂၀၁၇ တနှစ်တည်းမှာပဲ ၁ ဒသမ ၈ သန်းလောက် ရှိပါတယ်။ ကွင်းဆင်းတဲ့ အရေအတွက်ပေါင်း၊ ဆင်းတဲ့အချိန်မှာ ကုသရေး ပါပါတယ်။ ၂၀၁၇ ခုနှစ် တနှစ်တည်းမှာ ကာကွယ်ဆေးထိုးခြင်း အကြိမ်ပေါင်း ၁ ဒသမ ၈သန်း ရှိပြီး စုစုပေါင်း လူနာ အသစ်နဲ့ အဟောင်း ၁၀ သန်းခန့် ရှိပါတယ်။”
ဒေါက်တာအောင်ခင် လွှတ်တော်မှ တင်သွင်းတဲ့အဆိုနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးက မှတ်တမ်းအဖြစ် ထားရှိဖို့ တင်ပြပါတယ်။ အဆိုရှင်ကလည်း မှတ်တမ်းအဖြစ်ပဲ ထားဖို့ သဘောထားပေးခဲ့တာကြောင့် လွှတ်တော်က အဆိုကို မှတ်တမ်းတင်ထားလိုက်ပါတယ်။
ဓာတ်ပုံ - နေပြည်တော်ကောင်စီ ပြည်သူ့ကျန်းမာရေးဦးစီးဌာန