Home
မြန်မာသတင်း
ဦးဘိုဘိုမင်းသိုက်ကို အေအေတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်ဟု ပြည်ထဲရေး ထုတ်ပြန်
DVB
·
February 6, 2018
မြောက်ဦးမြို့နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က ကြိုတင်ကြံစည် လုပ်ဆောင်ခဲ့တာ စစ်ဆေးတွေ့ရှိရ တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဦးဘိုဘိုမင်းသိုက် လုပ်ကြံအသတ်ခံရမှုနဲ့ ပတ်သက်လို့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက စုံစမ်းစစ်ဆေးခဲ့ရာမှာ ဖမ်းမိတဲ့ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကျော်မြင့်(ခ)ခိုင်ကျော်ကို  စစ်ကြောဖော်ထုတ်ချက်အရ သိရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ တွေ့ရတဲ့ CRV အမျိုးအစား ကားရဲ့ပိုင်ရှင်  ကျော်မြင့်(ခ)ခိုင်ကျော်နဲ့ ဇနီး ဒေါ်ကြည်ကြည်ဝင်း၊ ချွေးမ မခိုင်ဇာလှိုင်တို့ကို ဇန်နဝါရီ ၁ ရက်နေ့က သန်လျင်မြို့နယ်၊ မေတ္တာဂုဏ်ရောင် ရခိုင်သီလရှင်ကျောင်းမှာ ရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး သားဖြစ်သူ မင်းသန်းဌေး(ခ)မင်းသန်းထိုက်ကိုတော့ ဇန်နဝါရီ ၃၁ ရက်က မရမ်းကုန်းမြို့နယ်မှာ   ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကျော်မြင့်(ခ)ခိုင်ကျော်နဲ့ သားဖြစ်သူ  မင်းသန်းထိုက်(ခ) မင်းသန်းဌေးတို့ကို  ရဲတပ်ဖွဲ့က စစ်ကြောဖော်ထုတ်ချက်အရ  ကျော်မြင့်(ခ)ခိုင်ကျော်ဟာ ဇန်န၀ါရီ ၂၅ ရက်က  တိမ်ညိုကျေးရွာနေ ဒေါ်ခိုင်စိန်ဖြူရဲ့သမီး မင်္ဂလာဆောင်မကျင်းပမီ ညပိုင်း အရက်ဝိုင်းမှာ အေအေအဖွဲ့ စည်းရုံးရေးမှူး ကိုလတ်၊ စပိုင်၊ ဇော်မျိုးအောင်(ခ)ဇော်မိုးအောင်၊ အိမ်ချင်းကပ်လျက်နေ ဝပ်ရှော့ဆရာ မျိုးချစ်အောင်တို့နဲ့အတူ ဦးဘိုဘိုမင်းသိုက်ကို သတ်ဖို့၊ လကုန်ရင် သူ စစ်တွေကို ပြောင်းရွှေ့မှာ ဖြစ်လို့ အဲဒီအချိန် လမ်းကနေ ဖမ်းဆီး ခေါ်ဆောင်သွားဖို့ တိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာ ဦးဘိုဘိုမင်းသိုက်ထံ ဖုန်းဆက်ပြီး စစ်တွေသို့ ပြောင်းရင် ယာဉ်နဲ့  လိုက်ပို့မယ်လို့ ပြောခဲ့လို့ ဦးဘိုဘိုမင်းသိုက်က ဇန်နဝါရီ ၂၈/၂၉ ရက်နေ့မှာ ပြောင်းမှာဖြစ်လို့ အသင့်ပြင်ဆင်ထားဖို့ ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် အေအေစည်းရုံးရေးမှူး ကိုလတ်ဆီကို ဖုန်းဆက်ပြီး ကားစီစဉ်ထားဖို့၊ ယာဉ်မောင်းအဖြစ် မျိုးချစ်အောင်အား တာဝန်ပေးဖို့ စပိုင်နဲ့ ဇော်မျိုးအောင်တို့ကို ပစ္စည်းတွေ သယ်ယူဖို့ အဖော်အဖြစ် ထည့်ပေးဖို့ တိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဦးဘိုဘိုမင်းသိုက်က ဇန်နဝါရီ ၂၈/၂၉ ရက်နေ့မှာ မသွားဖြစ်တော့ကြောင်း ပြောကြားခဲ့လို့  ရန်ကုန်ကို သွားစရာရှိကြောင်း၊ ဒါပေမယ့် ဦးဘိုဘိုမင်းသိုက် သွားမယ့်နေ့ ပို့ဆောင်ပေးမှာဖြစ်ကြောင်း ယာဉ်မောင်းအဖြစ် မျိုးချစ်အောင်ကို တာဝန်ပေးထားပြီး သူ့ရဲ့ ဖုန်းနံပါတ်ကိုလည်း  ဦးဘိုဘိုမင်းသိုက်ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၃၀ရက် မနက်မှာတော့  မင်္ဂလာဒုံမြို့နယ် နေအိမ်မှာ ရှိနေစဉ် ယာဉ်မောင်း မျိုးချစ်အောင်က ဖုန်းဆက်လာပြီး စပိုင်နဲ့ ဇော်မျိုးအောင်တို့ကို  ပစ္စည်းတင်ချဖို့ အလုပ်သမားအဖြစ် လိုက်ပါစေဖို့  စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဘိုဘိုမင်းသိုက်က နေ့လယ် ၂ နာရီလောက် ခရီးထွက်မယ်လို့  ပြောကြားခဲ့ပြီး ပုဏ္ဏားကျွန်းမြို့အဝင်မှာ ဦးဘိုဘိုမင်းသိုက်ရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး ဖမ်းဆီးခေါ်ဆောင်သွားဖို့အတွက်  ကျန်သူတွေက ကြိုတင်စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်း၊ မျိုးချစ်အောင်နဲ့ ကိုလတ်တို့ရဲ့ ဆက်သွယ်ဆောင်ရွက်မှုကို ကိုလတ်က  ကျော်မြင့်(ခ)ခိုင်ကျော်ထံ ဖုန်းဆက် သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။ ညနေ ၆ နာရီခွဲမှာ ကိုလတ်က  ကျော်မြင့်ထံ ထပ်မံဆက်သွယ်ပြီး  ပုဏ္ဏားကျွန်း မရောက်မီ ဦးဘိုဘိုမင်းသိုက်ထံက ဖုန်းတွေ သိမ်းဆည်းစဉ် ပြန်လည်ခုခံလို့  ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စပိုင်နဲ့  ဇော်မျိုးအောင်တို့က  ဓားနဲ့ ထိုးသတ်ခဲ့ပြီးနောက် ကားက လမ်းဘေးကျ တိမ်းမှောက်သွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းမှာ ဖော်ပြပါတယ်။ ဆက်လက်စစ်ဆေးချက်အရ ကျော်မြင့်(ခ)ခိုင်ကျော်နဲ့  မင်းသန်းဌေး(ခ)မင်းသန်းထိုက် တို့ဟာ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ  ဘူးသီးတောင် မောင်တောဒေသသို့ ကော်မရှင်စားနဲ့ ဆက်သွယ်ရောင်းဝယ်ခြင်း၊ ကိုယ်တိုင် ဝယ်ယူ ရောင်းချခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတယ်၊ မူးယစ်ဆေးရောင်းပြီး ရရှိတဲ့ ငွေကြေးတွေနဲ့  အေအေအဖွဲ့အတွက် လက်နက်ခဲယမ်းတွေ ဝယ်ယူစုဆောင်း၊ သယ်ဆောင်ပေးခဲ့တာ သိရတယ်လို့လည်း ဆိုပါတယ်။ ၂၀၁၆ ဒီဇင်ဘာလကနေ ၂၀၁၇ နိုဝင်ဘာအထိ WY စိတ်ကြွဆေးပြား ၄၄ သိန်းကို ၉ ကြိမ် သယ်ဆောင်ရောင်းဝယ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း ကျပ် ၃၉၇၅ သိန်း အမြတ်ငွေ ရရှိခဲ့တယ်။ ပစ္စတို ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၉ တောင့်တို့ကိုတော့ ကိုင်ဆောင်ဖို့  သိမ်းဆည်းထားတယ်လို့ ကျော်မြင့်က ဝန်ခံထွက်ဆိုခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ကွင်းဆက် ဆက်လက်စုံစမ်း စစ်ဆေးဖော်ထုတ်နေပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းဆီးကာ ဥပဒေအရ အမှုဖွင့် အရေးယူဖို့ ရှိတယ်လို့ ဆိုပါတယ်။ သတင်းထဲပါတဲ့ လူသတ်တရားခံလို့ ယူဆရသူတွေဖြစ်တဲ့ ယာဉ်မောင်း မျိုးချစ်အောင်၊ ကိုလတ်၊ စပိုင်နဲ့  ဇော်မျိုးအောင်တို့ကို  ဖမ်းမိထားတယ်လို့တော့ သတင်းမှာ ဖော်ပြမထားပါဘူး။ လက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရခိုင်ပြည်နယ်ရုံးမှာ လက်ထောက်ညွန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း  ဦးဘိုဘိုမင်းသိုက်ဟာ ဇန်နဝါရီ ၃၁ ရက် မနက်က ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းမှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် သူ စီးလာတဲ့ကားဟာလည်း မီးရှို့ခံလိုက်ရပါတယ်။ အထက်ပါ စွပ်စွဲချက်တွေနဲ့  ပတ်သက်လို့ အေအေ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဘက်ကတော့  တစုံတရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က  မြောက်ဦးမှာ အရပ်သားတွေ ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့တော့ သတ်ဖြတ်မှု ကျူးလွန်သူတွေကို ထိရောက်ပြင်းထန်စွာ တုံ့ပြန်မယ်လို့ အေအေအဖွဲ့က  ကြေညာထားပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024