A d v e r t i s e m e n t With Us

အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် မော်ဒယ်၏စွပ်စွဲချက် သန်းကြွယ်သူဌေးကြီး ငြင်းဆန်

ဓာတ်ပုံ - ရိုက်တာ
ချိန်းဆိုပြီး အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ မော်ဒယ်တဦးရဲ့ စွပ်စွဲချက်ကို နာမည်ကြီး မော်ဒယ် ဘယ်လာနဲ့ ဂျီဂျီဟဒီတို့ရဲ့ ဖခင် သန်းကြွယ်သူဌေးကြီးက ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပါတယ်။ အင်စတာဂရမ်ပေါ်မှာ စွပ်စွဲထားမှုနဲ့ပတ်သက်လို့ အသက် ၆၉ နှစ်အရွယ် သန်းကြွယ်သူဌေး မိုဟာမက်ဟဒီက ၂၃ နှစ်အရွယ် မီရန်ဒါဗီနဲ့ တွေ့ဆုံခဲ့တာကို ဝန်ခံခဲ့ပေမယ့် သူတို့နှစ်ဦးကြားမှာ ဘာမှမဖြစ်ခဲ့ဘူးလို့ ပြောလိုက်ပါတယ်။ မော်ဒယ် မီရန်ဒါဗီကတော့ ဖက်ရှင်ကုမ္ပဏီ Guess တည်ထောင်သူ ပေါလ်မာစီရာနိုရဲ့ သူငယ်ချင်း အိမ်ခြံမြေသူဌေးနဲ့ တွေ့ပြီးတဲ့နောက် အခန်းထဲမှာ သူမကို သူဌေးက ရှန်ပိန်တိုက်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ အခိုင်အမာ ပြောပါတယ်။ ပေါလ်မာစီရာနိုကိုတော့ မင်းသမီး ကိတ်အပ်တန်က သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားလို့ဆိုပြီး ဇန်နဝါရီ ၃၁ ရက်နေ့က တွစ်တာပေါ်မှာ စွပ်စွဲထားပါသေးတယ်။ နယူးယော့ခ်အခြေစိုက် မော်ဒယ် ဗီက မိုဟာမက်ဟဒီက သူမကိုတွေ့ဆုံဖို့ ပို့ထားတဲ့ စာတွေကိုပါ စခရင်ရှော့တ်ရိုက်ပြီး အင်စတာဂရမ်ပေါ် တင်ထားပါသေးတယ်။ သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ “ကျေးဇူးပဲကိတ်အပ်တန်၊ ဒီအချိန်က ပေါလ်မာစီရာနိုနဲ့ မိုဟာမက်ဟဒီတို့က ဘယ်လိုလူတွေဆိုတာ လူတွေကို ပြရမယ့်အချိန်ပါပဲ၊ တကယ်က အခန်းတခုဖြစ်တဲ့ ဧည့်တွေ့ဆောင်မှာ ကျမ ပေါလ်ကို တွေ့ဆုံခဲ့တယ်၊ အဲ့ဒီမှာ သူ ကျမကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး နောက်တော့ ကျမကို ကော်ဖီသောက်ဖို့ တွေ့ကြမယ်ဆိုတဲ့ ပေါလ်ရဲ့သူငယ်ချင်း မိုဟာမက်ဆီ လွှဲပြောင်းပေးလိုက်တယ်” လို့ ရေးထားပါတယ်။ “ကျမအထင် ဒါက အလုပ်ကိစ္စအတွက် တွေ့ဆုံဖို့၊ ဒါပေမယ့် ကျမရယ် မိုဟာမက်ဟဒီရယ် ရှန်ပိန်ရယ်ပဲ အဲ့ဒီအခန်းထဲမှာ ရှိပြီး ကျမကို အဓမ္မ ပြုကျင့်ခဲ့တယ်” လို့ ဗီက ပြောပြီး ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ အဲ့ဒီအပြုအမူနဲ့ပတ်သက်လို့ သူမကို မပြောဖို့ ခြိမ်းခြောက်ခဲ့တယ်၊ ထုတ်ဖော်မပြောဖို့ သဘောတူတဲ့ လက်မှတ်လည်း ထိုးပေးလိုက်ရတယ်လို့ သူမက ပြောပါတယ်။ “ပေါလ်က ကျမကို ခြိမ်းခြောက်ပြီး အဲ့ဒီအဖြစ်အပျက်တွေ အားလုံးကို ပြောရင် ကျမ လောကကြီးထဲက ပျောက်ထွက်သွားအောင် သူလုပ်နိုင်တယ်လို့ ပြောတယ်” ဆိုပြီး သူမက ပြောခဲ့ပါသေးတယ်။ “ဟယ်လို ဒါလင်၊ ခုပြောနေတာ မိုဟာမက်ဟဒီပါ၊ ပေါလ်ရဲ့သူငယ်ချင်းပါ။ မင်းရဲ့ ဒီတနေ့တာလည်း မင်းလိုပဲလှပပါစေ” လို့ မိုဟာမက်ဟဒီ ရေးထားတဲ့စာကိုလည်း ဗီက စကရင်ရှော့တ်ရိုက်ပြီး တင်လိုက်ပါတယ်။ မိုဟာမက်ရဲ့ တတိယမြောက်စာမှာ “ငါ မင်းကို ဒီနေ့လယ် တွေ့ချင်တယ်၊ ဒါပေမယ့် နည်းနည်းတော့ နောက်ကျမယ်၊ မင်း ဘယ်မှာနေလဲ၊ ကိုယ် ညနေ ၅ နာရီမှာ အစည်းအဝေးရှိတယ်၊ အစည်းအဝေးပြီးရင် တယ်လီဖုန်း မက်ဆေ့ခ်ျပို့လိုက်မယ်၊ အဆင်ပြေပါတယ်နော်” လို့ ရေးထားပါတယ်။ မိုဟာမက်ဟဒီကတော့ "ဗီရဲ့စွပ်စွဲမှုတွေက လုံးဝ မမှန်ကန်ဘူး၊ ကျနော်တို့ တွေ့ခဲ့ကြတာက ချိန်းတွေ့တာမဟုတ်ဘူး၊ သူမကို တကြိမ်တခါတောင် မတို့ထိခဲ့ဘူး” လို့ ပြောပါတယ်။ ဟဒီက အကယ်၍ ဗီအနေနဲ့ သူ့ကို ဒီလို ပြင်းပြင်းထန်ထန် စွပ်စွဲချင်ရင် လူမှုကွန်ရက်ကို သုံးမယ့်အစား ရဲကိုတိုင်သင့်ကြောင်းနဲ့ သူ့ကို အသရေဖျက်မှုနဲ့ ဗီကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြောင်း သည်ဆန်းသတင်းမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up