‘ရွာတရွာ ထုတ်ကုန်တခု’ အစီအစဉ် အကောင်အထည်ဖော်ရန် လွှတ်တော်၌ ဆွေးနွေး
နေဖြိုးဝင်း
·
February 5, 2018
ကျေးရွာတရွာ ထုတ်ကုန်တခု ထုတ်လုပ်ဖို့ အစီအစဉ် အကောင်အထည်ဖော်ဖို့အဆိုနဲ့ ပတ်သက်ပြီး လက်ခံဆွေးနွေးဖို့ ဖေဖော်ဝါရီ ၅ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်က ဒေါ်ထုမေက ကျေးရွာတရွာ ထုတ်ကုန်တခု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျုဟာအစီအစဉ်ကို ဆင်းရဲတဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ဦးစားပေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဘဏ္ဍာငွေတရပ် ထည့်သွင်းကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပါတယ်။
ကျေးရွာတရွာ ထုတ်ကုန်တမျိုး စီမံကိန်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာမက တရုတ်၊ တောင်ကိုရီးယား၊ မွန်ဂိုလီးယားနဲ့ အမေရိကန်မှာတောင် အောင်မြင်နေတာကြောင့် မြန်မာနိုင်ငံမှာလည်း အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ ဒီစီမံကိန်းကို လိုက်နာဆောင်ရွက် စီးပွားဖြစ်ထွန်းလာနိုင်တယ်လို့ အဆို ရှင်က ဆိုပါတယ်
“နိုင်ငံရဲ့ အလုပ်လုပ်နိုင်သူတွေ အလုပ်လုပ်နိုင်အောင် အခက်အခဲ အရင်းအနှီး၊ နည်းပညာတွေကို အစိုးရက ကြားဝင်ပြီး ကူညီဖို့လိုအပ်ပါတယ်။ ဒီလိုပံ့ပိုးမှုတွေ ဆောင်ရွက်ပေးရင် မိသားတစ်စုချင်းရဲ့ ၀င်ငွေ၊ တစ်ရွာချင်း၊ တစ်မြို့ချင်းရဲ့ ၀င်ငွေ ဒီကတဆင့် တစ်နိုင်ငံလုံး ၀င်ငွေမြင့်မားလာမှာဖြစ်ပါတယ်။ ဒါအပြင် ပြည်ပနိုင်ငံတွေကို အလုပ်သွားလုပ်ကိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း အိုးမကွာအိမ်မကွာ ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ် ” လို့ ဒေါ်ထုမေက ပြောပါတယ်။
ဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။