A d v e r t i s e m e n t With Us

ကုန်ကား ၂ စီးပေါ် လူကုန်ကူးခံရသူ ၂၀၀ ခန့် တွေ့ရှိဟု မက္ကဆီကိုပြော

ဓာတ်ပုံ - အီးပီအေ
နိုင်ငံအရှေ့မြောက်ပိုင်း အဝေးပြေးစစ်ဆေးရေးဂိတ်တခုမှာ လူကုန်ကူးခံရသူ အယောက် ၂၀၀ ဝန်းကျင်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မက္ကဆီကို ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အလယ်အမေရိကက လူကုန်ကူးခံရသူ အယောက် ၂၀၀ ဝန်းကျင်ကို မက္ကဆီကို အရှေ့မြောက်ပိုင်း တာမောင်လိပက်ပြည်နယ် အဝေးပြေးလမ်းမ စစ်ဆေးရေးဂိတ်တခုမှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ကုန်တင်ကားနှစ်စီးပေါ် လိုက်ပါလာကြတဲ့ သူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ လူကုန်ကူးတယ်လို့ သံသယရှိသူ ၃ ဦးကို မက္ကဆီကိုစစ်တပ်က ဖမ်းဆီးထားပါတယ်။ လူကုန်ကူးခံရတဲ့သူတွေဟာ အလယ်အမေရိကနိုင်ငံတွေ ဖြစ်တဲ့ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံတွေက ဖြစ်တယ်လို့ မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ “ကုန်တင်ကားအမိုးပေါ်က အပေါက်တပေါက်ကို မဖွင့်ခင်အချိန်ထိ ကျနော်တို့အားလုံး လုံးဝ အမှောင်ထဲမှာပါ။ အပေါက်ဖွင့်လိုက်တော့မှ ကျနော်တို့ လေနည်းနည်းရှူလို့ရပါတယ်။ ကျနော်တို့အတွက်တော့ ကမ္ဘာကြီးက လိုဏ်ခေါင်းထဲ ရောက်သွားသလိုပါပဲ။ အမှန်တိုင်းဝန်ခံရရင် အခုလို ကုန်တင်ကားပေါ် ကျနော် နောက်တခါ ဘယ်တော့မှ လိုက်တော့မှာ မဟုတ်ပါဘူး” လို့ ကုန်တင်ကားပေါ် လိုက်ပါလာခဲ့တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသားတဦးက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကို ပြောပြပါတယ်။ ကားပေါ်လိုက်ပါလာတဲ့ ဂွါတီမာလာနိုင်ငံသားတဦးကလည်း “တခါတလေ လေမရတော့လို့ ကျနော်တို့ အသက်မရှူနိုင်ပါဘူး။ ကားမောင်းနေရင်တော့ ကျနော်တို့ အသက်ပြန်ရှူနိုင်ပါတယ်။ ကျနော်တို့ စိတ်ပူတာက ကလေးတွေကိုပါ။ သူတို့အတွက် ကျနော်တို့ စိုးရိမ်နေရပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ခုတော့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဆေးစစ်ခံဖို့ စောင့်နေပါတယ်။ အလယ်အမေရိကနိုင်ငံတွေက ဆင်းရဲမှုနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ နှစ်စဉ် ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်နိုင်ငံဆီရောက်ဖို့ မက္ကဆီကို နိုင်ငံကို ဖြတ်သန်းလေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up