ဗင်နီဇွဲလား ရေနံတင်ပို့မှု ကန့်သတ်ရန် စဉ်းစားနေဟု အမေရိကန်ပြော

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံတင်ပို့ရောင်းချမှုကို ကန့်သတ်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က “ဗင်နီဇွဲလားနိုင်ငံ အခြေအနေက ပိုဆိုးရွားလာနေတယ်။ ရေနံတင်ပို့မှုကို ပိတ်ဆို့ဖို့ စဉ်းစားတာဟာ ဗင်နီဇွဲလားပြည်သူတွေအပေါ် အကျိုးသက်ရောက်စေမှာဖြစ်ပြီး အခုဖြစ်နေတာတွေကို မြန်မြန်အဆုံးသတ်စေမယ့်  ခြေလှမ်းတရပ် ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ ရွေးချယ်ရမယ့် နည်းလမ်းတွေကို စဉ်းစားနေပါတယ်။ အမေရိကန်နိုင်ငံ အကျိုးစီးပွားရော၊ တခြားဒေသတွင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေအပေါ် သက်ရောက်မှု နည်းပါးစေဖို့ ကျနော်တို့ စဉ်းစားနေပါတယ်။ ကျနော်တို့ရဲ့ အရေးယူဆောင်ရွက်မှုကြောင့် အဲဒီနိုင်ငံတွေ ထိခိုက်မှုမရှိစေဖို့ သတိထားချင်ပါတယ်။ ဒီတော့ အဲဒီကိစ္စကို လေ့လာနေပါတယ်။ စဉ်းစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးဒဏ်ခတ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံက အမေရိကန်နိုင်ငံကို ရေနံတင်ပို့မှုဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း ၂၀၁၇ ခုနှစ်မှာ အနိမ့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up