Home
မြန်မာသတင်း
မြောက်ကိုရီးယားက မြန်မာကို တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ရောင်းချဟု ကုလပြော
DVB
·
February 5, 2018
မြောက်ကိုရီးယားနိုင်ငံဟာ ဆီးရီးယားနဲ့ မြန်မာနိုင်ငံ အစိုးရတွေကို လက်နက်ရောင်းချပြီး တခြား တားမြစ်ထားတဲ့ပစ္စည်းတွေ ဖြစ်တဲ့ ကျောက်မီးသွေး၊ သံနဲ့ စတီးတွေကို တင်ပို့ ရောင်းချနေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။ ပြုံယမ်းက မြန်မာအစိုးရကို တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ပံ့ပိုးပေးပြီး ဆီးရီးယား သမ္မတ ဘာရှာအယ်အဆက်ဒ်အစိုးရကို နျူကလီးယားလက်နက် အစီအစဉ်တွေ တိုးတက်လာအောင် ကူညီပေးနေတယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ တားမြစ်ထားတဲ့ ကုန်ပစ္စည်း အားလုံးလိုလိုကို ဆက်လက်တင်ပို့နေပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက လက်နက်ရောင်းချရေး ကုမ္ပဏီတခု ဖြစ်တဲ့ KOMID (Korea Mining Development Trading Corporation) နဲ့ ဆက်လက်ပူးပေါင်းဝယ်ယူမှုတွေ လုပ်နေပြီး အဆိုပါကုမ္ပဏီဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့စာရင်းထဲမှာ ပါဝင်နေတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ နည်းပရိယာယ်တွေ၊ အမျိုးမျိုးသော ရှောင်တိမ်းတဲ့ နည်းလမ်းတွေ ပေါင်းစပ်သုံးစွဲပြီး ပြုံယမ်းက သင်္ဘောတွေနဲ့ ဗီယက်နမ်၊ ရုရှား၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေကို ကျောက်မီးသွေးတွေ တင်ပို့ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ စစ်ရေးအစီအစဉ်တွေကို အထောက်အပံ့ဖြစ်စေမယ့် ဝင်ငွေတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ တင်ပို့ကုန်ပစ္စည်းတွေကို ကန့်သတ်တဲ့ ဆုံးဖြတ်ချက် တော်တော်များများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့နှစ်က အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပြီး ပြုံယမ်းရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို တားမြစ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ကတိကဝတ် ပြုခဲ့ပါတယ်။ ကျောက်မီးသွေးနဲ့ ဓာတ်ဆီတင်ပို့မှုတွေမှာ ကုလသမဂ္ဂက ပိတ်ဆို့ထားတာကို ဖောက်ဖျက်ခဲ့တဲ့အတွက် ကမ္ဘာနဲ့အဝန်း သင်္ဘော ၇ စင်း ဆိပ်ကမ်းတွေကပ်ဖို့ တားမြစ်ခံခဲ့ရတယ်လို့ ကုလကျွမ်းကျင်သူ ခုံသမာဓိဘုတ်အဖွဲ့နဲ့ ကုလအစီရင်ခံစာအရ သိရပါတယ်။ ဒီလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ တရားမဝင် လုပ်ရပ်တွေကို ပိုမိုတားမြစ်ဖို့ လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ ငြင်းဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာအကြား လက်နက်ရောင်းဝယ်မှု တစုံတရာ မရှိတော့ဘဲ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024