မြင်းခြံမြို့တွင် မွေးကင်းစ ကလေးငယ်တဦး စွန့်ပစ်ခံရ
DVB
·
February 4, 2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက် သရဝဏ်ဝန်းအတွင်းရှိ နေအိမ်အနီးအနားမှာ ဖေဖော်ဝါရီ ၃ ရက်ညက မွေးကင်းစ မိန်းကလေးတဦးကို လာရောက်စွန့်ပစ်ထားတယ်လို့ အမှတ် ၁၃ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
မြင်းခြံ အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဌေး က “ည ၈ နာရီလောက်က သရဝဏ်ဝန်းအတွင်း နေထိုင်တဲ့ ဦးမျိုးဟန်က သူ့ရဲ့အိမ်နားမှာ ကလေးငယ်တဦး လာရောက် စွန့်ပစ်ထားတယ်လို့ အကြောင်းကြားလာပါတယ်။ ကျနော်တို့ သွားကြည့်ပြီး သက်ဆိုင်ဌာနတွေကို အကြောင်းကြားလိုက်ပါတယ်။ အဲဒီနောက် ကလေးငယ်ကို ဆေးရုံကို ပို့ဆောင်ပေးပြီး ဆေးကုသခံယူစေခဲ့ပါတယ်လို့ ပြောပါတယ်။
မြင်းခြံ ပြည်သူ့ဆေးရုံကြီးက မွေးကင်းစ မိန်းကလေးငယ်ကို အထူးကြပ်မတ်ဆောင်မှာ ကုသပေးနေပြီး ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ဟာ ၄ ပေါင်ခွဲရှိပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း သိရပါတယ်။
မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာ ဦးထွန်းဝင်းက “ကျနော်တို့ ဆေးရုံကို ည ၈ နာရီ ကျော်လောက်မှာ အမှတ် ၁၃ အုပ်ချုပ်ရေးမှူးက လာပို့ပေးတာပါ။ လက်ထောက်ဆရာဝန်တွေနဲ့ ကလေးငယ်ကို သေချာစစ်ဆေးပြီး ဆေးရုံမှာ ကုသပေးနေပါတယ်။ ကလေးနဲ့ ပတ်သက်ပြီး ဆေး/လူမှုဆက်ဆံရေးနဲ့ ပူးပေါင်းပြီးတော့ ရဲစခန်းတွေမှာ တိုင်ကြားမှု ရှိမရှိ စစ်ဆေးပြီး ကလေးငယ်နဲ့ ပတ်သတ်ပြီး ဆောင်ရွက်စရာများကို ဆက်လက် လုပ်ဆောင်သွားမှာပါလို့ ပြောပါတယ်။
လက်ရှိမှာ စွန့်ပစ်ခံ မွေးကင်းစကလေးငယ် မိန်းကလေးကို တာဝန်ယူမွေးစားချင်သူ ၅ ဦးလောက်က ဆေးရုံကို လာရောက် ဆက်သွယ် အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ရီရီထွန်း (မြင်းခြံ )