Home
မြန်မာသတင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်း တင်သွင်း
ကျော်ဇေယျာဝင်း
·
February 4, 2018
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ တိုင်းအစိုးရအဖွဲ့က တင်ပြထားပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်ကိုတင်သွင်းခဲ့တာပါ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အစိုးရအဖွဲ့အစည်းဌာနအဖြစ်ကနေ ဝန်ဆောင်မှုပေးတာ ပိုမိုတိုးတက်လာစေဖို့အတွက် ဌာနကြီး ၃ ခု၊ အာဏာပိုင် ၇ ဖွဲ့၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ပြောင်းလဲဖွဲ့စည်းမယ့် ဥပဒေကြမ်းဖြစ်တယ်လို့ ဦးမောင်မောင်စိုးကဆိုပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ညီညွတ်ပြီး မြို့တော်သူမြို့တော်သားတွေရဲ့ ရပိုင်ခွင့်တွေကို ပွင့်လင်းမြင်သာစွာ အပြည့်အဝရယူခံစားနိုင်ဖို့နဲ့  လူနေမှုဘဝမြင့်မားတိုးတက်စေဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။ အာဏာပိုင်အဖွဲ့တွေကတော့ မြို့ပြစီမံကိန်း အာဏာပိုင်အဖွဲ့၊ အဆောက်အဦဆိုင်ရာ အာဏာပိုင်အဖွဲ့၊ လမ်းတံတားဆိုင်ရာ အာဏာပိုင်အဖွဲ့၊ ရေရရှိရေးနဲ့ရေပေးဝေရေး အာဏာပိုင်အဖွဲ့၊ ရေစီးရေလာနဲ့ရေဆိုး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၊ ပြည်သူ့ကျန်းမာရေးနဲ့ ဈေးများအာဏာပိုင်အဖွဲ့၊ ပတ်ဝန်းကျင်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့တို့ ဖြစ်ပါတယ်။ ဌာနတွေကတော့ စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးဌာန၊ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဌာန၊ ဘဏ္ဍာရေးနဲ့ ငွေစာရင်းဌာန ဆိုပြီး ဌာနသုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ ပြီးတော့ တည်ဆောက်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အပန်းဖြေလုပ်ငန်းများ၊ အခြားစီးပွားရေးလုပ်ငန်းများဆိုပြီး စီးပွားရေးအဖွဲ့အစည်းတွေ ပါဝင်မယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ ဒီဥပဒေကြမ်းပေါ်လာဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး ၂၀၁၇ သြဂုတ်ကနေ အောက်တိုဘာလအထိ အစည်းအဝေး ၈ ကြိမ်ပြုလုပ် ရေးဆွဲခဲ့တာလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024