အီတလီတွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၆ ဦးဒဏ်ရာရ၊ ပစ်ခတ်သူက ဖက်ဆစ်ဝါဒီပုံစံ အလေးပြု

1.3K
အီတလီနိုင်ငံတောင်ပိုင်း မာချယ်ရာတာမြို့လေးမှာ ဖေဖော်ဝါရီ ၃ ရက်က ကားပေါ်ကနေ သေနတ်ပစ်ခတ်မှုကြောင့် ပြောင်းရွှေ့လာသူ အာဖရိကန် ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုဟာ လူမျိုးရေး လှုံ့ဆော်စိတ်နဲ့ ပြုလုပ်ခဲ့ပြီး ဒေသစံတော်ချိန် ၁၁ နာရီ ၀န်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
လုကာသရာအီနီ ဆိုသူ အသက် ၂၈ အရွယ် လူတဦးဟာ မြို့ရဲ့ နေရာအသီးသီးရှိ ပြောင်းရွှေ့လာသူတွေကို ပစ်မှတ်ထားကာ ကားပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်သူဟာ မြို့ရဲ့ အထိမ်းအမှတ်နေရာကို သွားခဲ့ပြီး ဖက်ဆစ်ဝါဒီပုံစံ အလေးပြုခဲ့ပါတယ်။
ဒီနောက် သူ့ကိုယ်သူ အီတလီနိုင်ငံတော်အလံပတ်ပြီး လာရောက်ဖမ်းဆီးတာကို စောင့်ဆိုင်းခဲ့တယ်လို့ ဒေသမီဒီယာက ဆိုပါတယ်။
သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “ဒါဟာ ၁ နာရီနဲ့ ခြေကျင်ပတ်လို့ရတဲ့ မြို့ငယ်လေးမှာ အိမ်ထဲကအိမ်ပြင် မထွက်ရဲအောင် သတိပေးလိုက်တာပါပဲ။ ကိုယ့်နားမှာ တိုက်ခိုက်သလို ခံစားရပါတယ်” လို့ ပြောပါတယ်။
သေနတ်ပစ်ခံရသူတွေအနက် တဦးဟာ စိုးရိမ်ရပြီး ကျန်တဲ့သူတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ မာချယ်ရာတာမြို့တော်ဝန်ကို ကိုးကားပြီး ရိုက်တာသတင်းအရ သိရပါတယ်။