A d v e r t i s e m e n t With Us

ပဲခင်းအတွင်း ရေ၀င်ရောက်မှုကြောင့် ကညွတ်ကွင်းဒေသရှိ ပဲစိုက်ဧက ၁၅၀ ခန့် ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းဒေသအတွင်းရှိ လက်တက်ကြီးကျေးရွာ အုပ်စုမှာ ပဲခင်းတွေထဲ ရေဝင်လာလို့ ရိတ်သိမ်းခါနီး ပဲစိုက်ဧက ၁၅၀ လောက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့လို့ အခက်ကြုံနေရတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။ အဲဒီဒေသအတွင်းမှာရှိတဲ့ လယ်မြေတွေမှာ နွေစပါးစိုက်ပျိုးဖို့အတွက် ဖြူးချောင်းဆည်နဲ့ ကွင်းချောင်းထဲက ရေကို မြောင်းသွယ်သွင်းယူရာ မြောင်းဘေးမှာရှိတဲ့ ပဲစိုက်ခင်းတွေထဲကို ရေ၀င်ခဲ့လို့ ရိတ်သိမ်းခါနီး ပဲစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှု ပိုများခဲ့တယ်လို့ဆိုပါတယ်။ အဲဒီပျက်စီးမှုတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့ကို တင်ပြခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။ အခုရေ၀င်ရောက်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ရေ၀င်ရောက်မှု ပိုများလာတာကြောင့် ပျက်စီးမှုလည်း ပိုများခဲ့ပြီး ဇန်န၀ါရီလအတွင်းကလည်း ပထမအကြိမ် ရေ၀င်ရောက်မှုရှိခဲ့တယ် လို့လည်း သိရပါတယ်။ အခု ရေ၀င်ရောက်မှုကြောင့် ခင်းကြီး၊ လက်တက်ကြီးနဲ့ ဆေးရိုးသုံးရွာရှိ ပဲစိုက်ဧက ၁၅၀ လောက် ပျက်စီးခဲ့ပြီး အခုလို ရေသွင်းယူမှု စတင်လုပ်ဆောင်စဉ်က ပဲစိုက်တောင်သူတွေက ကန့်ကွက်ခဲ့ပေမယ့် မြို့နယ်တာဝန်ရှိသူတွေက ဆက်လက်လုပ်ဆောင်ခဲ့တာလို့ ပဲစိုက် တောင်သူတွေက ပြောပါတယ်။ ကျော်အောင်(ကညွတ်ကွင်း)

A d v e r t i s e m e n t With Us

More News
Up