Home
မြန်မာသတင်း
တရုတ်ငှက်ပျောစိုက်ခင်းပြဿနာ ဖြေရှင်းပေးရေး ကချင်တွင် ဆန္ဒပြ
DVB
·
February 3, 2018
တရုတ်ငှက်ပျောစိုက်ခင်းတွေကြောင့် မြေယာပြဿနာတွေကို အစိုးရ မဖြေရှင်းပေးလို့ ကချင်ပြည်နယ်မှာ ဒေသခံတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဝိုင်းမော်၊ တာလောကြီး၊ နောင်ခမ်းရှမ်းရွာ ဆင်ဘို ဒေသခံ ၂၀၀ ကျော်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ တာလောကြီးဘက်မှာ ငှက်ပျောစိုက်ခင်းတွေကြောင့် ဒေသခံပြည်သူတွေ အခက်အခဲဖြစ်သလို ဒေသခံအချင်းချင်း မြေယာပဋိပက္ခတွေလည်း ရှိလို့ သက်ဆိုင်ရာပြည်နယ်အစိုးရကို ကွင်းဆင်းစေချင်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ တာလောကြီးရွာသား စိုင်းတင်မြင့်က “တရားဥပဒေနဲ့အညီ ကွင်းဆင်းစစ်ဆေးပေးဖို့၊ ကျေးရွာမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို အခြေတည်တယ်လို့ ပြောလို့ရပါတယ်။ မဖြေရှင်းပေးတဲ့အတွက်ကြောင့် ဆန္ဒပြပွဲကိုလုပ်တာဖြစ်တယ်” လို့ပြောပါတယ်။ မြေပြင်မှာဖြစ်နေတဲ့ ပဋိပက္ခကို ကွင်းဆင်းလေ့လာဖို့ ပြည်နယ်အစိုးရကို စာတင်ပြီး တောင်းဆိုခဲ့ပေမယ့် လာမစစ်ကြဘူးလို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေအနေနဲ့ကတော့ သက်ဆိုင်ရာဌာနတွေကို အခွန်အခပေးဆောင်တာတွေ ရှိတာယ်လို့ ကုမ္ပဏီနဲ့ တွေ့ခဲ့သူတွေက ပြောပါတယ်။ ရှမ်းရေးရာအတွင်းရေးမှူး စိုင်းထွန်းရင်က “ကားတစီးဖြတ်သွားဖို့က ၅ သိန်းကျော် ကုန်တယ်လို့ ပြောတယ်ပေါ့နော်။ ဒါဆို အစိုးရက အခွန်အခတွေလည်း ရလျက်သားနဲ့ ကျနော်တို့ တိုင်းရင်းသား ပြဿနာတွေကိုတော့ ဘာလို့ မဖြေရှင်းပေးသလဲဆိုတာကို မေးချင်တာ” လို့ ပြောပါတယ်။ တချို့ တောင်သူတွေကတော့ ဒီငှက်ပျောစိုက်ခင်းတွေကြောင့် ကျွဲ၊ နွားတွေ သေဆုံးနေတယ်လို့ ယူဆနေကြသလို တချို့ကလည်း ကျွဲ၊ နွားတွေအတွက် စားကျက်တွေ မရှိတော့တာ၊ ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးနေတယ်လို့လည်း ပြောပါတယ်။ ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တွေမှာ ငှက်ပျောစိုက်ခင်းတွေ တွင်တွင်ကျယ်ကျယ်လုပ်နေပြီး ဒီအကြောင်းကို ဆန္ဒဖော်ထုတ်တာတော့ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024