လစ်ဗျားတွင် လူမှောင်ခိုလှေနစ်မြုပ်မှုကြောင့် လူ ၉၀ ခန့် သေဆုံး

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းမှာ လူမှောင်ခိုသမားတွေရဲ့ လှေတစီး ဖေဖော်ဝါရီ ၂ ရက်နေ့ အစောပိုင်းက နစ်မြုပ်ခဲ့ပါတယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံသား အများစုပါတဲ့ ခန့်မှန်းခြေ လူအယောက် ၉၀ လောက် ရေနစ်သေဆုံးမယ်လို့ ယူဆထားပါတယ်။ ရှင်သန်ကျန်ရစ်သူ ၃ ဦးရှိပြီး အလောင်း ၁၀ လောင်း ကမ်းခြေမှာ လာတင်နေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့ကြီး IOM က ပြောပါတယ်။ လှေပေါ်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အများစုဟာ ပါကစ္စတန် နိုင်ငံသားတွေလို့ ရှင်သန်ကျန်ရစ်သူတွေက ကူညီရေး လုပ်သားတွေကို ပြောပါတယ်။ သူတို့ဟာ မြောက်အာဖရိက ကနေ အီတလီကို ဦးတည်လာနေတဲ့ အုပ်စုဖြစ်တယ်လို့လည်း ပြောကြတယ်။ ကမ်းပေါ်လာတင်တဲ့ အလောင်း ၁၀ လောင်းထဲမှာ ၂ လောင်းက လစ်ဗျား နိုင်ငံသားတွေ ဖြစ်ပြီး ၈ လောင်းက ပါကစ္စတန် နိုင်ငံသားတွေလို့ IOM က ပြောပါတယ်။ အသက်ရှင်သူတွေကို ရှာနေပေမယ့် တွေ့နိုင်ဖို့ မျှော်လင့်ချက် နည်းတယ်လို့ IOM ရဲ့ ပြောခွင့်ရက ပြောပါတယ်။ လစ်ဗျားအနောက်ပိုင်း ဇူဝါရာမြို့က လုံခြုံရေး အရာရှိတွေကတော့ လစ်ဗျားနိုင်ငံသား ၂ ယောက်နဲ့ ပါကစ္စတန် နိုင်ငံသားတယောက်ကို လှေပေါ်ကနေ ကယ်ထားတယ်လို့ အစောပိုင်းမှာ ပြောပါတယ်။ တူနီးရှားနဲ့ လစ်ဗျားနယ်စပ်နားက ဇူဝါရာမြို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရွှေ့ပြောင်းနေထိုင်သူတွေ လှေနဲ့ စထွက်လေ့ရှိတဲ့ နေရာပါ။ နောက်ပိုင်းမှာတော့ တခါတလေမှသာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှေတွေ ထွက်ခွာလေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up