ဈေးအိမ်သာတွင်း အမျိုးသမီးတဦးအား လိင်ပိုင်းနှောင့်ယှက်သည့် ထိုင်းလုံခြုံရေးကို ဖမ်းဆီး

ထိုင်းနိုင်ငံမှ ဈေးအိမ်သာတခုတွင်းမှာ ဈေးဝယ်အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခဲ့တဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသားတဦးကို တာဝန်သိပြည်သူတွေနဲ့ ၀န်ထမ်းတွေက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့၊ ဗီလာမားကက်ရက်ခ်ျချာဖယူရက်ခ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်က ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အမျိုးသမီးဟာ ဈေးဒုတိယထပ်အိမ်သာထဲကို သွားခဲ့ချိန်မှာ အသက် ၃၅ နှစ်အရွယ် လုံခြုံရေးဝန်ထမ်း ဆီတိပွန် သန်နဆွတ်ခ်က နောက်ယောက်ခံလိုက်ပါသွားခဲ့ပြီးနောက် အမျိုးသမီးအိမ်သာခန်းတွင်းမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုလုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အမျိုးသမီးဟာ ကျယ်ကျယ်လောင်လောင် အော်ဟစ်အကူအညီ တောင်းခဲ့ချိန်မှာတော့ သန့်ရှင်းရေး ၀န်ထမ်းတဦးကကြားပြီး အတွင်းမှလော့ခ်ချထားခဲ့တဲ့ အခန်းကိုဖွင့်ကာ အကူအညီပေးနိုင်ဖို့ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဈေးအတွင်း တခြားဝန်ထမ်းတွေနဲ့ အနီးနားက လူတွေက တရားခံကို အခန်းတွင်းမှ ဆွဲထုတ်ဖမ်းဆီးခဲ့ရတာလို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်ခံရတဲ့ အမျိုးသမီးကိုတော့ ဆီရိရက်ခ်ျဆေးရုံကို ပို့ဆောင်စစ်ဆေးနေပြီး တရားခံအမျိုးသားကိုတော့ အမျိုးသမီးအား ကိုယ်ထိလက်ရောက်လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုနဲ့ ရဲတွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။ လက်ရှိမှာတော့ တရားခံကို အော်ဟစ်ကြိမ်းမောင်းပြီး ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြတဲ့ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့နေပြီး ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းနီးပါး ရှိနေခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေခဲ့တဲ့ အက်တမ်ကမ်မော်လ်ဖူကတော့ သူဟာ အခင်းဖြစ်တဲ့ နေရာမှာ ရှိနေခဲ့ပြီး ရုပ်သံမှတ်တမ်း ရိုက်ယူထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီသွေးပျက်ထိတ်လန့်စရာ ရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့ရတာကတော့ သူ့အနေနဲ့ အမျိုးသမီးတွေကို သတိနဲ့ နေထိုင်သွားလာကြဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up