Home
မြန်မာသတင်း
မူလပိုင်ရှင်ထံ ပြန်အပ်သည့် ရှေးဟောင်းပစ္စည်းများ မူရင်းမဟုတ်ဘဲ မိတ္တူဖြစ်နေ
Aung Ko Latt
·
February 2, 2018
၁၄ နှစ်ကျော်ကြာ ပြန်မရခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို မူလပိုင်ရှင်တွေထံ ပေးအပ်ခဲ့ပေမယ့် ပစ္စည်းတချို့မှာ မူရင်းတွေ မဟုတ်ဘဲ မိတ္တူတွေ ဖြစ်နေတယ်လို့ ပစ္စည်းပိုင်ရှင် မိသားစုက ပြောပါတယ်။ မင်းကြီးစွာစော်ကဲ လက်ထက်က အသုံးအဆောင်တွေ၊ မင်းလက်ဝါးရဲ့ အသုံးအဆောင်တွေနဲ့ လက်ရှိ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့အဘိုး အမြင့်မြို့သူကြီး ဦးကျွန်း ဆိုသူရဲ့ ဓာတ်ပုံတွေ အပါအဝင် ကုန်းဘောင်ခေတ်ကနေ ကိုလိုနီခေတ်အထိ ပါဝင်တဲ့ ရှေးဟောင်းအသုံးအဆောင် ပစ္စည်းတွေကို မုံရွာတက္ကသိုလ် မြန်မာစာဌာနကနေ သားစဉ်မြေးဆက် ထိန်းသိမ်းခဲ့တဲ့ မူလပိုင်ရှင်တွေကို ပြန်လည်အပ်နှံခဲ့ပါတယ်။ န.အ.ဖ စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မုံရွာခရီးစဉ်မှာ ပြသဖို့အတွက် ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းက ရှေးဟောင်းပစ္စည်းတွေကို ခဏတာ ငှားရမ်းခဲ့တာပါ။ ဒီပစ္စည်းတွေကို ပြန်လည်ပေးအပ်ဖို့ နှုတ်နဲ့၊ စာနဲ့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ၁၄ နှစ်အကြာ အခုအစိုးရ လက်ထက်ရောက်မှ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံ၊ စာရွက်စာတမ်းတွေက ယူသွားတုန်းကအတိုင်း မဟုတ်ဘဲ မိတ္တူတွေသာ ဖြစ်နေတယ်လို့ ပိုင်ရှင်တွေက ပြောပါတယ်။ ကိုလိုနီခေတ် သူကြီးဦးကျွန်းရဲ့ မြေးဖြစ်သူ ဦးကြည်စံက “ကျနော့်အဘိုး၊ အခု နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ အဘိုးဖြစ်သူ သူကြီး ဦးကျွန်းရဲ့ ငွေဓားနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ နောက်ပြီး မြေပေါင်၊ မြေငှား၊ မြေလွှဲစာချုပ်တွေက ယူသွားတုန်းက အစစ်၊ အခု ပြန်ရလာတော့ အတုတွေ ဖြစ်နေတယ်။ ယူခဲ့တုန်းကတော့ သေချာမကြည့်မိဘူး။ ဒီရောက်လို့ ပြန်ကြည့်မှ မိတ္တူတွေဆိုတာ သိတယ်။ ဒါ့အပြင် အင်္ဂလိပ်လက်ထက်က ပေးအပ်ထားတဲ့ အမှုထမ်းကောင်း လက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်တွေက ပြန်မရဘူး။ ကျန်နေတာတွေနဲ့ အစစ်တွေ ပြန်ရဖို့တော့ ပြန်လိုက်ရဦးမယ်။ အိမ်မှာလည်း အနည်းငယ် ရှိပါသေးတယ်။ ဒီပစ္စည်းတွေကို မသမာသူ လက်ထဲ ရောက်သွားမှာပဲ စိုးရိမ်တယ်။ ဒီအမြင့်မြို့ဟောင်းမှာလည်း ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ဆောက်ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းသွားမယ်ဆိုရင်တော့ အများသူငှာ လေ့လာနိုင်ဖို့ လှူဒါန်းသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရှေးဟောင်းပစ္စည်းတွေကို အရင်က အမြင့်မြို့ဟောင်း ဘုံပျံကျောင်း၊ ရပ်သစ်ကျောင်း၊ မင်းရဲကျောင်း စတဲ့ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ ရှေးဘုန်းတော်ကြီးကျောင်းတွေမှာ အများအပြား ရှိခဲ့ပေမယ့် လေဒဏ် မိုးဒဏ်နဲ့ ပျက်စီးတာ၊ ပိုးမွှားတိရစ္ဆာန်တွေကြောင့် ပျက်စီးတာအပြင် န.အ.ဖ လက်ထက်က ယူနီဖောင်းတွေနဲ့ လာယူတာတွေလည်း ရှိတယ်လို့ ဘုံပျံကျောင်း ဆရာတော် ဦးပညာဒီပက မိန့်ပါတယ်။ “ဒီကျောင်းက မင်းလက်ဝါး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ကျောင်း၊ မင်းလက်ဝါး သုံးခဲ့တဲ့ အသုံးအဆောင်တွေ၊ ရေတကောင်းတွေ၊ ဝိတိုရိယဘုရင်မကြီးက မင်းလက်ဝါးမင်းကြီးကို လက်ဆောင်ပေးတဲ့ မဟော်ဂနီစားပွဲ၊ နေမျိုးသိင်္ခရွှေတောင်ဘွဲ့ရ အလုံစစ်ကဲတော်မင်း ဦးထွန်းဦးရဲ့ ပုံတူပန်းချီတွေ၊ ယွန်းဗျတ်တွေ၊ ပေပုရပိုက်တွေ ရှိသေးတယ်။ အခန်းထဲမှာ ပုံထားတာပဲ။ အရင်က စစ်သားတွေ ဝတ်စုံတွေနဲ့ လာယူတာတွေလည်း ရှိတယ်။ စစ်ကိုင်းက ပြတိုက်၊ ပုဂံကပြတိုက်တွေအတွက် ဆိုပြီး ယူသွားတာတွေလည်း ရှိတယ်။ ကျန်နေသေးတာတွေကိုတော့ ဒီမှာ အစိုးရက ပြတိုက်လေး ဆောက်ပေးပြီး ဆက်လက် ထိန်းသိမ်းသွားမယ်ဆိုရင် သမိုင်းတန်ဖိုးကို နောင်လာနောက်သားတွေ လေ့လာနိုင်တာပေါ့။” အမြင့်မြို့ဟောင်း မင်းကြီးစွာစော်ကဲ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မင်းရဲဘုန်းကြီးကျောင်းမှာလည်း ရှေးဟောင်းထမ်းပိုး၊ နဂါး၂ကောင်ပါ ရုပ်ကြွပန်းပု၊ ပေစာထည့်တဲ့ သစ်စေးသရိုးကိုင် သေတ္တာ၊ ပန်းနွယ်ပန်းခက်တွေပါတဲ့ ရုပ်ကြွတံကဲ၊ ပေပုရပိုက် စတာတွေလည်း ကျန်ရှိနေပါသေးတယ်။ ဒီရှေးဟောင်းပစ္စည်းတွေကို ဒေသခံတွေက ပြတိုက်တခု ဆောက်လုပ်ပြီး ပြုစုထိန်းသိမ်းသွားဖို့လည်း ဆန္ဒရှိနေသလို အမြင့်မြို့ဟောင်းကို သမိုင်း စိတ်ပါဝင်စားသူတွေ၊ ပြည်တွင်း ပြည်ပ ဧည့်သည်တွေ နှစ်စဉ် လာရောက်လေ့လာလေ့ရှိပါတယ်။ ဒါ့အပြင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ သစ်သားဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေနဲ့ ရှေးဟောင်းကျုံး၊ မြို့ရိုး၊ စေတီပုထိုး၊ နံရံဆေးရေး ပန်းချီများစွာကိုလည်း လေ့လာနိုင်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကလည်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတခု ဖြစ်တဲ့ အမြင့်မြို့ဟောင်းဒေသကို ခရီးသွားဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024