ဟောင်ကောင်တွင် ဒုတိယကမ္ဘာစစ်အတွင်းကဗုံး စနက်တံဖြုတ် ဖယ်ရှား (ရုပ်သံ)

1.5K
ဟောင်ကောင်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဒုတိယကမ္ဘာစစ်အတွင်းက လက်ကျန်ဗုံးတလုံးကို စနက်တံဖြုတ်ခဲ့တယ်လို့ သိရပါတယ်။
ဟောင်ကောင်ရဲ့ ဝန်ချိုင်း စီးပွားရေးအချက်အခြာဒေသ ပတ်ပတ်လည်မှာရှိတဲ့ ရုံးတွေ ဟိုတယ်တွေနဲ့ ဈေးဆိုင်တွေက လူထောင်ပေါင်းများစွာကို ဘေးကင်းရာ ရွှေ့ပြောင်း၊ လမ်းတွေပိတ်ပြီး စည်ကားတဲ့နယ်မြေကို ပိတ်ဆို့ကာ စနက်တံဖြုတ်ခဲ့တာပါ။
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တွေ ပစ်ချခဲ့တဲ့ ဗုံးတလုံးကို တပတ်အတွင်း ဒုတိယအကြိမ်မြောက် တွေ့ခဲ့တာဖြစ်ပြီး ဗုံးကို ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အလုပ်သမားတဦးက တွေ့ရှိပြီးနောက် ဒီဒေသကို ရဲတွေက ပိတ်ဆို့ခဲ့တာပါ။
တညလုံး ဗုံးဖယ်ရှားရေး ကျွမ်းကျင်သူတွေ အလုပ်လုပ်နေလို့ ဗစ်တိုးရီးယား ဆိပ်ကမ်းတလျှောက် သင်္ဘောဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားပြီး လူပေါင်း ၄၀၀၀ ကိုလည်း ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
“ဗုံးဖယ်ရှားရတဲ့ အလုပ်က အန္တရာယ်များတယ်၊ ခက်ခဲတယ်” လို့ ဗုံးဖယ်ရှားရေးအရာရှိ အလစ်က်မက်ဝါတာက သတင်းထောက်တွေကို ပြောပါတယ်။
မိုးရွာတာ၊ ရှုပ်ထွေးတဲ့ နေရာဖြစ်တာနဲ့ စနက်တံအစိတ်အပိုင်း ဖြစ်နေတာက အန္တရာယ်များစေတယ်လို့လည်း မစ္စတာမက်ဝါတာက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြေကြီးတွေဖုံးနေတဲ့ ဗုံးကို ကရိန်းနဲ့သယ်မသွားခင် ကျွမ်းကျင်သူတွေက ဗုံးထဲက ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေ လောင်ကျွမ်းသွားပြီး ဗုံးကို ဖယ်ရှားလို့ရအောင် ဗုံးပတ်ပတ်လည် ကျင်းပေါက်ကြီးတခု တူးရပါတယ်။
၁၉၄၁ ခုနှစ်က ဂျပန်နဲ့ ဗြိတိန် မဟာမိတ်တပ်တွေကြား အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့မှာ ဆောက်လုပ်ရေး လုပ်သားတွေနဲ့ တောင်တက်သမားတွေက မပေါက်ကွဲသေးတဲ့ စစ်အတွင်း ဗုံးတွေနဲ့ လက်ပစ်ဗုံးတွေ မကြာခဏ တွေ့ရှိကြတယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်တုန်းကလည်း ၁ တန်နီးပါး အလေးချိန်ရှိတဲ့ အကြီးဆုံး ဗုံး ၁ လုံးကို ရဲတွေက စနက်တံဖြုတ်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။