Home
ရုပျသံ
“နိုင်ငံ့အကျိုး ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်ရမယ်” ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ)
DVB
·
February 1, 2018
အတိုက်အခံတွေအနေနဲ့ နိုင်ငံအကျိုးကို ကြည့်ပြီး ကူညီသင့်တဲ့အခါမှာ ကူညီဖို့ အတူလက်တွဲသင့်တဲ့အခါမှာ လက်တွဲဖို့၊ ထောက်ပြသင့်တဲ့အခါမှာ ထောက်ပြဝေဖန်ဖို့နဲ့ အတိုက်အခံမို့လို့ ရန်သူဆိုပြီး သဘောမထားသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၂ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ကို ဒီကနေ့ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။ အပြည့်အစုံ----   “ဒီမိုကရေစီလမ်းကို လျှောက်တဲ့အခါမှာ လွှတ်တော်ဆိုတာ မလွဲမသွေ လိုအပ်တဲ့ အဆောက်အဦ တခု ဖြစ်ပါတယ်။ ကျမတို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကနေပြီးတော့ လွှတ်တော်ထဲ ရောက်လာတဲ့အခါကစပြီးတော့ အင်မတန်မှ ဥပဒေ ပြုခြင်းရဲ့ တန်ဖိုး၊ ဥပဒေပြုခြင်းရဲ့ ခက်ခဲတာတွေ စိန်ခေါ်မှုတွေ၊ နက်နဲတာတွေ၊ သိမ်မွေ့တာတွေ အားလုံးကို ကျမတို့ လေ့လာပိုင်ခွင့် ရှိခဲ့ပါတယ်။ အဲဒီလို လေ့လာပိုင်ခွင့်ရှိခဲ့လို့လည်း ကျမတို့အတွက် အင်မတန်မှကို တန်ဖိုးကြီးတဲ့ ပညာတွေ ရတယ်လို့ ကျမတို့ ပြောနိုင်ပါတယ်။ ဒါကြောင့် လွှတ်တော်ထဲ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာလည်း လွှတ်တော်ရဲ့ တန်ဖိုးနဲ့ လွှတ်တော် ကိုယ်စားလှယ်တယောက်ရဲ့ တန်ဖိုးကို နားလည်လိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ လွှတ်တော်ဆိုတာဟာ ပြည်သူလူထုကနေပြီးတော့ ပြည်သူလူထုအတွက် ကောင်းမယ့် ဥပဒေတွေကို ထုတ်ပေးမယ့် အဆောက်အအုံဆိုပြီး အားကိုးတကြီး နေရတာပါ။ ကျမတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အင်မတန်မှ အလေးထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တိုးတက်ရေး၊ ခိုင်မာရေး၊ အင်အားရှိရေး ဆိုတာဟာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးပေါ်မှာ အင်မတန်မှ မူတည်ပါတယ်။ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာဟာ တရားဥပဒေစိုးမိုးရေးရှိမှ ရေရှည်တည်တံ့ခိုင်မြဲနိုင်မှာပါ။ ဒါကြောင့် တရားဥပဒေလို့ ပြောရတာ ကျမ အင်မတန်မှ အားရပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ ပြောရရင် ဥပဒေရဲ့ စိုးမိုးရေးလို့ပဲ အဓိပ္ပာယ်ပေါက်ထားတာပေါ့။ Rule of Law ပေါ့။ ဗမာလို ပြောလိုက်တဲ့အခါကျတော့ တရားဥပဒေစိုးမိုးရေးဆိုတာ ကျမတို့အတွက် အင်မတန်မှ ကောင်းတဲ့လက္ခဏာလို့ ထင်ပါတယ်။ တရားတဲ့ ဥပဒေတွေ ဖြစ်ရမယ်။ ဥပဒေဆိုတာ တကယ်တော့ လူတွေကနေ ပြုတဲ့အရာပဲ။ လူတွေကနေ ပြုတဲ့အရာတွေဆိုတော့ အမြဲပဲ မှန်ကန်တယ်၊ တိကျတယ်၊ ကောင်းမွန်တယ်လို့ ပြောလို့မရဘူး။ သို့သော်လည်း ဥပဒေဆိုတာကတော့ နိုင်ငံတနိုင်ငံရဲ့ တည်ငြိမ်ရေး၊ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် လိုအပ်တဲ့ အရာဖြစ်တဲ့အခါကျတော့ ဥပဒေတွေ ပြုကြပါတယ်။ ဒီဥပဒေတွေဟာ တရားမှလည်း နိုင်ငံအတွက်၊ ပြည်သူပြည်သားတွေအတွက် တန်ဖိုးရှိမှာပါ။ ဒါ့ကြောင့် လွှတ်တော်တွေဟာ တရားဥပဒေစိုးမိုးရေးကို ဦးတည်မယ့် အဆောက်အအုံတွေလို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ဆိုတာဟာ တနိုင်ငံလုံးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ရောက်လာတဲ့၊ ပြည်ထောင်စု အနှံ့အပြားက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်တွေဟာ ဒီမှာ စုံကြပြီးတော့ နေရာအမြောက်အမြားကနေ ဒေသမျိုးစုံကနေ လာစုံပြီးတော့ တယောက်နဲ့တယောက်အကြောင်း ပိုပြီးတော့ သိပြီးတော့ ပိုပြီးတော့ နားလည်ပြီးတော့ နိုင်ငံရဲ့၊ ပြည်ထောင်စုရဲ့ တည်တံ့ခိုင်မြဲရေး၊ ညီညွတ်ရေးအတွက် ကြိုးပမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ လွှတ်တော်ထဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးပေါင်းစုံတင်မကဘူး။ အဖွဲ့အစည်း ပါတီ အသီးသီးကလည်း ပါဝင်ကြပါတယ်။ ဒါကတော့ ဒီမိုကရေစီလွှတ်တော်တွေရဲ့ လက္ခဏာတခုပါပဲ။ ကိုယ်နဲ့ မတူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံ့အကျိုး ဘယ်လို ထမ်းဆောင်မလဲဆိုတာကို လွှတ်တော်မှာ သင်ယူဖို့ အခွင့်အရေး အပြည့်အဝ ရပါတယ်။ ကိုယ်နဲ့တူတဲ့ လူတွေမှ လုပ်နိုင်တယ်ဆိုတာကတော့ အမှန်ပြောရရင် ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိုတာကတော့ မတူကွဲပြားမှုကို လက်ခံတယ်။ မတူ ကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ နိုင်ငံအတွက် လိုအပ်တဲ့ ညီညွတ်မှုကိုရအောင် ယူနိုင်မယ်ဆိုတဲ့ စိတ်ဓာတ်အရ ပေါ်ပေါက်လာတဲ့ စနစ်ပါ။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ကြားဖူးမှာပါ။ ဒီမိုကရေစီစနစ်ဆိုတာ ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ စနစ်တခု မဟုတ်ဘူး။ ဒါပေမယ့် တခြားစနစ်တွေထက် ကောင်းတယ်ဆိုပြီးတော့ ပြောတာရှိပါတယ်။ တခြားစနစ်တွေထက် ကောင်းတယ်ဆိုတဲ့ ပြောရတဲ့အချက်ရဲ့ အခြေခံကတော့ ဒီမိုကရေစီစနစ်လောက် ပြည်သူလူထုကို လေးစားဖို့ အားပေးတဲ့စနစ် မရှိဘူးလို့ ကျမတို့ ပြောရမှာပဲ။ ဒီမိုကရေစီစနစ်အရဆိုရင် အစိုးရတခုဆိုတာဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒအရ ပေါ်ပေါက်လာတာပဲ။ ဒါ့ကြောင့်မို့လို့ ပြည်သူလူထုရဲ့ သဘောဆန္ဒအရ ပေါ်ပေါက်လာတဲ့ အစိုးရများဟာ ပြည်သူရဲ့ဆန္ဒကို အလေးထားရတယ်။ ပြည်သူကို လေးစားရတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ဟာ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်သော်လည်း တခြားစနစ်တွေ အားလုံးထက် သာတယ်လို့ ပြောရတယ်လို့ ကျမကတော့ ဒီလို ယုံကြည်ချက်ရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ် ဆိုတာဟာလည်း အမြဲပဲ တည်တံ့ခိုင်မြဲဖို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်သွားဖို့အတွက် အမြဲကြိုးစားနေရတာပါ။ အဲဒီလို ကြိုးစားနေတဲ့အထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေက အမြဲပဲ ရှေ့တန်းကနေ ပါဝင်ပြီးတော့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ကျမတို့ ကိုယ်စားလှယ်တွေဟာ ပြည်သူလူထုကို ကိုယ်စားပြုရုံတင်မကဘဲနဲ့ ဒီမိုကရေစီစနစ်ကို ကိုယ်စားပြုတယ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ကျမတို့ဟာ စနစ်တခုကို နိုင်ငံကို တည်တံ့ခိုင်မြဲအောင် ကျမတို့ ပြည်ထောင်စုကြီးကို နောက်လာမယ့် မျိုးဆက်တွေအတွက် ခိုင်မာအောင် ငြိမ်းချမ်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ကျမ ကြုံတိုင်းပဲ ကိုယ်စားလှယ်တွေကို အမြဲသတိပေးပါတယ်။ နိုင်ငံရေးသုခမိန်ကြီး တယောက် ပြောသလိုပေါ့နော်။ နိုင်ငံရေး လုပ်စားတဲ့လူတွေဟာ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ နိုင်ငံ့အရေးကို လုပ်တဲ့သူတွေက နောက်မျိုးဆက်တွေအတွက် စဉ်းစားတယ် ဆိုတာ။ အဲဒါကတော့ လွှတ်တော်ကိုယ်စားလှယ်တိုင်း အားလုံးဟာ စွဲစွဲမြဲမြဲ နှလုံးသွင်းစေချင်ပါတယ်။ ကျမတို့ဟာ နောက်ရွေးကောက်ပွဲအတွက် စဉ်းစားလား၊ စဉ်းစားရမှာပဲ၊ ဒါကတော့ ပါတီနိုင်ငံရေးကို အခြေခံတဲ့ စနစ်မှာတော့ နောက်ရွေးကောက်ပွဲအတွက် မစဉ်းစားလို့ မရဘူး။ ဒါပေမယ့် အဓိက နောက်ရွေးကောက်ပွဲ မဟုတ်ဘူး။ နောက်မျိုးဆက်တွေအတွက်ပဲ ဖြစ်တယ်။ နောက်ရွေးကောက်ပွဲ ဆိုတာဟာ နောက်မျိုးဆက်တွေအတွက်၊ ကိုယ့်ရဲ့ ကြိုးပမ်းမှုတွေအတွက် အထောက်အကူတခုပဲ ဖြစ်ရမယ်။ အဲ့ဒီဟာက ပန်းတိုင်မဟုတ်ဘူး။ ပန်းတိုင်က နောက်မျိုးဆက်တွေဟာ တည်ငြိမ်၊ အေးချမ်းပြီးတော့ ဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံမှာ နေသွားဖို့၊ ကျမတို့ နိုင်ငံကတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဆိုတော့ တည်တံ့ခိုင်မြဲသာယာဝပြောတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး၊ အများကနေ လက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတခု ထူထောင်သွားနိုင်ဖို့အတွက် အင်မတန်မှ အချက်အချာကျတဲ့ အဆောက်အအုံကြီးတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ ပါဝင်ခွင့်ရတဲ့အတွက်ကို အားလုံးကနေ ဂုဏ်ယူကြမယ်။ လေးလေးနက်နက်ထားကြမယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။ “ကျမ လွှတ်တော်ထဲမှာတုန်းကဆိုရင် ကျမတို့ဟာ လွှတ်တော်ထဲမှာ အများကြီး သင်ယူစရာတွေ ရှိခဲ့ပါတယ်။ ကျမ လွှတ်တော်ထဲမှာ သုံးနှစ်ကျော်ကျော် ကြာခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ အများကြီး သင်ယူပိုင်ခွင့်တွေ ရှိတဲ့အတွက် အခု အုပ်ချုပ်ရေးပိုင်းကို ရောက်သွားတဲ့အခါမှာ အထောက်အကူတွေ အများကြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ နိုင်ငံတနိုင်ငံဟာ တကယ်ပဲ ဖွံ့ဖြိုးတိုးတက်ဖို့၊ တကယ်ပဲ ခိုင်မာဖို့ဆိုရင် အရေးကြီးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် သုံးခုစလုံးဟာ လက်ညီတက်ညီနဲ့ ပြည်သူလူထုအကျိုးကို ထမ်းဆောင်ဖို့ လိုပါတယ်။ ထိန်းညှိဖို့ တာဝန်ရှိတယ်ဆိုတော့ တချို့က ဒါဟာ ပြိုင်ဆိုင်တယ်၊ တယောက်နဲ့ တယောက် မတည့်တဲ့ သဘောလို့ ထင်ကြတယ်။ ဒီလို မဏ္ဍိုင်ကြီး သုံးခုဟာ တခုနဲ့ တခု ထိန်းညှိထားရမယ် ဆိုတာဟာ တကယ်တော့ အပြိုင်အဆိုင်လည်း မဟုတ်ဘူး။ ရန်ဘက်လည်း မဟုတ်ဘူး၊ အတိုက်အခံ အချင်းချင်းလည်း မဟုတ်ဘူး။ တယောက်နဲ့ တယောက် မမှားအောင်လို့ ထိန်းပေးတဲ့ သဘော ဖြစ်ရမယ်။ မမှားအောင်ဆိုတာ ဘာမှားလဲဆိုရင် နိုင်ငံ့အတွက် အကျိုးမရှိတဲ့ကိစ္စတွေ ပြုမိမှာ၊ အကျိုးရှိတဲ့ကိစ္စတွေ မပြုမိမှာ အဲဒီဟာ မဖြစ်အောင်လို့ တယောက်နဲ့ တယောက် ထိန်းညှိသွားတဲ့ သဘောပါပဲ။ မိတ်ဆွေသဖွယ် နောက်ဆုံးကျတော့ ရဲဘော်ရဲဘက်များသဖွယ် ဖြစ်ပါတယ်။ ရဲဘော်ရဲဘက်ဆိုတာ မိတ်ဆွေနဲ့တော့ နည်းနည်းကွာပါတယ်။ မိတ်ဆွေဆိုတာ ခင်မင်မှု၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုအပေါ်မှာ မူတည်ပါတယ်။ ရဲဘော်ရဲဘက်ဆိုတာ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ ရဲဘော်ရဲဘက်များ ဆိုတာဟာ တူညီတဲ့ ယုံကြည်မှု၊ ဒါ့ကြောင့်မို့လို့ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ရဲဘော်ရဲဘက်များသဖွယ် ပန်းတိုင်ဖြစ်တဲ့ နိုင်ငံအကျိုးအတွက် ညှိပြီးတော့ လုပ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီပွဲမှာဆိုလို့ရှိရင် မဏ္ဍိုင်ကြီး သုံးခုစလုံးက ဧည့်သည်တော်တွေ ပါဝင်ပါတယ်။ အဲဒီတော့ ကျမတို့အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ဖို့ဆိုတာကလည်း အရေးကြီးပါတယ်။ ဒါမှ အထစ်အငေါ့လေးတွေရှိရင် တယောက်နဲ့ တယောက် နားလည်မှု လွဲတာလေးတွေ ရှိရင်၊ အထင်အမြင်မှားတာတွေ ရှိရင် ဒါတွေကို ချောမွေ့အောင်လုပ်နိုင်ဖို့ပါ။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ တဦးနဲ့ တဦး မိတ်ဆွေများသဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် ဆက်ဆံနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျမ သတိပေးချင်ပါတယ်။ ဒီလို မိတ်ဆွေများသဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် လုပ်နိုင်မှ တကယ့်ကို နိုင်ငံနဲ့ ပြည်သူတွေရဲ့အကျိုးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာပါ။ အခု အစိုးရ အသစ် တက်လာတာဆိုရင် ၂ နှစ် မပြည့်သေးပါဘူး။ အဲဒီတော့ ၂ နှစ် မပြည့်သေးတဲ့ ကာလအတွင်းမှာ လွှတ်တော်ကတော့ ၂ နှစ်ပြည့်သွားပြီပေါ့။ ပထမဦးဆုံး လွှတ်တော်ခေါ်ပြီးမှ နောက်ပြီးမှ အစိုးရ ပေါ်လာတာပါ။ အဲဒါကိုက လွှတ်တော်ရဲ့ အရေးပါမှုကို ရောင်ပြန်ဟပ်တာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအစ လွှတ်တော်ကလို့ ပြောရင်တောင် မှားမယ်လို့ မထင်ပါဘူး။ အစိုးရဆိုတာ လွှတ်တော်ပေါ်မှာ အားကိုးရပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အစိုးရနဲ့ လွှတ်တော်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့အခါကျတော့ အလုပ်လုပ်ရတာ ခက်ခဲပါတယ်။ တချို့ကျတော့လည်း အစိုးရ လွှတ်တော်ထဲမှာကိုက အင်အားခိုင်မာမှု မရှိတဲ့အခါကျတော့ အစိုးရများ အလုပ်လုပ်ရ ကိုင်ရတဲ့နေရာမှာ ခက်တာတွေလည်း တွေ့ရပါတယ်။ “ဒါ့ကြောင့် ကျမတို့က ကျမတို့ လွှတ်တော်ကို ခိုင်ခံ့စေချင်တယ်။ အရည်အချင်း ပြည့်ဝစေချင်တယ်။ အရည်အချင်း ပြည့်ဝခြင်းကတော့ အခြေခံအားဖြင့်တော့ နိုင်ငံ့ပေါ်မှာ စေတနာ ပြည့်ဝစေချင်တယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ် တဦးချင်း တဦးချင်းဟာ နိုင်ငံပေါ်မှာ တကယ်ပဲ စေတနာထားတယ်။ တကယ်ပဲ နိုင်ငံ့ရဲ့သစ္စာကို စောင့်စည်းတယ်ဆိုရင် ဒါဟာ ပထမစိန်ခေါ်မှုကြီးကို ကျမတို့ အောင်မြင်သွားပြီလို့ ကျမတို့ ပြောလို့ရတယ်။ စေတနာလည်း ရှိတယ်၊ သစ္စာလည်းရှိတယ်ဆိုရင် ကျမတို့ သင်ယူရမယ်။ လွှတ်တော်ကိုယ်စားလှယ်များ သိသင့်သိထိုက်တဲ့ကိစ္စတွေကို သင်ယူဖို့ နားလည်ဖို့ ကျွမ်းကျင်ဖို့ အဲ့ဒီဟာက နောက်တဆင့်ပါပဲ။ စေတနာ မရှိဘူး၊ သစ္စာမရှိဘူးဆိုရင် ကျွမ်းကျင်မှုတွေကိုက အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အရည်အချင်းတွေ၊ အင်အားတွေကို မှန်မှန်ကန်ကန်နဲ့ အကောင်းအတွက် သုံးဖို့ဆိုတာဟာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ ကျမပြောတဲ့အခါမှာ မဲဆန္ဒရှင်တယောက်အနေနဲ့လည်း ပြောတာဖြစ်ပါတယ်။ ပြည်သူတယောက်အနေနဲ့လည်း ပြေတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတယောက်အနေနဲ့ ပြောတာလည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင် တယောက်အနေနဲ့လည်း ပြောတာဖြစ်ပါတယ်။ ဘယ်ဘက်ကပဲ ကြည့်ကြည့် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ တန်ဖိုးဟာ အင်မတန်မှ ကြီးပါတယ်။ ကျမရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေလို့ ပြောလို့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ချန်ပြီးပြောတာ မဟုတ်ပါဘူး။ ဒါဟာ အားလုံးကနေပြီးတော့ စုပေါင်း ပြီးတော့ လုပ်ရမှာပဲ။ နိုင်ငံအတွက်ဆိုရင် ဘယ်အစုအဖွဲ့က ဘယ်အစုအဖွဲ့နဲ့ မတည့်နိုင်ဘူး ဆိုတာဟာ လုံးဝမရှိသင့်ဘူ။ နိုင်ငံ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိတယ် ဆိုတာဟာ ဘယ်တော့မှ မဖြစ်ရဘူး။ နိုင်ငံ့အကျိုးအတွက်ဆို ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရမယ်။ ကျမတို့အချင်းချင်းတွေပဲ။ နိုင်ငံသူနိုင်ငံသား အားလုံးဟာ ပူးပေါင်း ဆောင်ရွက်နိုင်ရမယ်။ အတိုက်အခံပါတီဆိုတာဟာ ကျမ ခဏခဏပြောပါတယ်။ အတိုက်အခံ၊ အတိုက်အခံဆိုတဲ့ စကားလုံးကို သိပ်မကြိုက်ဘူး။ တိုက်မလား၊ ခံမလား ဆိုတဲ့ သဘောရှိတယ်။ တကယ်တော့ အတိုက်အခံဆိုတာ ဒီလို မဖြစ်သင့်ပါဘူး။ အတိုက်အခံ ဆိုတာဟာ နိုင်ငံအကျိုးကိုပဲ ကြည့်ပြီးတော့ ကူညီသင့်တဲ့အခါမှာ ကူညီရမယ်။ အတူလက်တွဲသင့်တဲ့အခါမှာ လက်တွဲရမယ်။ ထောက်ပြသင့်တဲ့အခါမှာ ထောက်ပြရမယ်။ ဝေဖန်သင့်တဲ့အခါမှာ ဝေဖန်ရမယ်။ အတိုက်အခံမို့လို့ ရန်သူဆိုပြီး သဘောမထားသင့်ဘူး။ အတိုက်အခံများသည် ရန်သူဆိုတာ ဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ မတူကွဲပြားမှုကို လက်ခံလို့ကို အတိုက်အခံဆိုတာ၊ ပြောရမယ်ဆိုရင် အတိုက်အခံဆိုတဲ့ စကားလုံးကို သုံးတာ အတိုက်အခံပါတီပေါ့နော်။ ကိုယ်နဲ့ မတူတဲ့ ပါတီတွေ၊ အစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့ မလိုပါဘူး။ အမြင်ချင်းမတူပေမယ့်လည်း မတူကွဲပြားမှုတွေ ရှိပေမယ့်လည်း စုစည်းနိုင်တယ်။ မတူကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ်ဆိုတာ ဒါဟာ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အခြေခံလည်း ဖြစ်ပါတယ်။ အခု လွှတ်တော်ကိုလာတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တဦးချင်းနဲ့ တွေ့ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့နော်။ လူလည်း များတယ်။ အချိန်လည်းနည်းတယ်။ သို့သော်လည်း ကျမကတော့ တဦးချင်း တဦးချင်းကို တန်းတူညီတူ တန်ဖိုးထားပါတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲ ရောက်တဲ့အခါမှာ တဦးချင်း တဦးချင်းဟာ တန်းတူညီတူ မဲတမဲ ရပါတယ်။ မဲတမဲ ရတဲ့အခါကျတော့ ကိုယ့်ရဲ့ တာဝန်ဟာ ကိုယ့်ရဲ့ အခွင့်အရေးနဲ့ တူတူပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တယောက်ချင်း တယောက်ချင်းဟာ လွှတ်တော်ထဲမှာ မဲပေးတဲ့အခါမှာ မဲပေးပိုင်ခွင့်ရှိသလို မှန်မှန်ကန်ကန် မဲပေးဖို့ တာဝန်ဆိုတာလည်း ရှိပါတယ်။ ဒါ့ကြောင့် နောက်ဆုံးကျတော့ တန်းတူညီတူ ညီအကိုမောင်နှမတွေပဲ၊ ရဲဘော်ရဲဘက်တွေပဲ အဲဒီလိုပဲ စိတ်ထားစေချင်ပါတယ်။ ကျမတို့ နိုင်ငံအတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးလဲ ဆိုတာ ပြောပြီးပါပြီ။ နောက်ပြီးတော့ ကျမတို့ ညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဘယ်လောက်အရေးကြီးလဲဆိုတာ ကျမနိဂုံးမချုပ်ခင် ပြောချင်ပါတယ်။ ကျမတို့နိုင်ငံဟာ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ကျမတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အားသိပ်ကြီးတဲ့ နိုင်ငံတခုမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ အင်အားသိပ်မကြီးတဲ့ နိုင်ငံမို့လို့ ကျမတို့ဟာ စိတ်ပိုင်းဆိုင်ရာ အင်အားနဲ့ စုစည်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ နိုင်ငံအတွက် ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးတယ် ဆိုတာကို ကျမ သတိပေးချင်ပါတယ်။ ဒီလိုစုပေါင်းအင်အားနဲ့ ညီညီညွတ်ညွတ်နဲ့ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်လို့ရှိရင် ဘယ်လိုအခက်အခဲမဆို ကျော်လွှားနိုင်မှာပါ။ တဖြည်းဖြည်း လည်း ရုပ်ပိုင်းဆိုင်ရာ အင်အားတွေကို တည်ဆောက်နိုင်မှာပါ။ ဒါကတော့ ကမ္ဘာကြီးရဲ့ လောကနိရာမလို့ပဲဆိုပါတော့၊ အင်အားရှိလာတာနဲ့အမျှ ကိုယ့်ကို အနိုင်ကျင့်မှုက နည်းသွားတာပဲ။ ဒါ့ကြောင့် ကျမတို့ နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ခိုင်ခိုင်မာမာနဲ့ အမှန်တရား ပေါ်မှာ အခြေခံပြီးတော့ ရပ်တည်ချင်လို့ရှိရင် ကျမတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ တဦးချင်း တဦးချင်း ခိုင်ခိုင်မာမာ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်မတ်မတ် သစ္စာရှိရှိနဲ့ ရပ်တည်ပေးပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကိုယ်စားလှယ်တဦးချင်း တဦးချင်းဟာ ဘာမှ အမှားမရှိဘူးဆိုရင် လွှတ်တော်ဟာ မှားတဲ့လမ်းကို ရောက်သွားစရာအကြောင်းမရှိပါဘူး။ ကျမတို့ရဲ့ လွှတ်တော်ကြီးဟာ မှားတဲ့လမ်းကို မရောက်သွားဘူးဆိုရင် နိုင်ငံဟာလည်း မှားတဲ့လမ်းကို ရောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံဟာ မှန်မှန်ကန်ကန်နဲ့ အားလုံးလိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ဖို့အတွက် ချီတက်သွားတဲ့ အခါမှာ လွှတ်တော်ကိုယ်စားလှယ်များဟာ ရှေ့ကနေ နေဖို့လိုရင် ရှေ့ကနေ နေပေးပါ။ နောက်ကနေ ကာဖို့လိုရင် နောက်ကနေ ကာပေးပါ။ ဘေးကနေ ရံဖို့လိုရင် ဘေးကနေ ရံပေးကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024