စီးပွားရေးတက္ကသိုလ် ကျောင်းသားများကို အစိုးရဌာနတွင် လုပ်ငန်းခွင်လေ့လာရေး စေလွှတ်မည်
DVB
·
February 1, 2018
ရန်ကုန်၊ မိတ္ထီလာနဲ့ မုံရွာ စီးပွားရေးတက္ကသိုလ်တို့မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာန/ အဖွဲ့အစည်းတွေမှာ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship) ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့အကြား ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်မှာ ဇန်နဝါရီ ၃၁ မွန်းလွဲပိုင်းက ကျင်းပခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။
စီးပွားရေးတက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ လုပ်ငန်းခွင် လက်တွေ့လေ့လာရေး (Internship) ဆောင်ရွက်နိုင်ပါက နိုင်ငံတော်၊ တက္ကသိုလ်တွေနဲ့ ကျောင်းသား ကျောင်းသူ တဦးချင်းအတွက် အလွန်တန်ဖိုးရှိတယ်လို့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။
အနယ်နယ်အရပ်ရပ်မှ ကျောင်းသားကျောင်းသူတွေ ပါဝင်တာကြောင့် အချင်းချင်း ချစ်ကြည်ရင်းနှီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း ရရှိနိုင်မှာဖြစ်တယ်၊ မိမိတို့ဝန်ကြီး ဌာနရှိဌာန အဖွဲ့အစည်းတွေအားလုံးမှ စီးပွားရေးတက္ကသိုလ်မှာ သင်ကြားတဲ့ ဘာသာရပ်တွေနဲ့ သက်ဆိုင်တာကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း အလွန်အကျိုးရှိမယ်လို့လည်း ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ပြီး လုပ်ငန်းခွင် လက်တွေ့လေ့လာရေးအစီအစဉ်တွေ၊ ကျောင်းသား ကျောင်းသူ တွေစေလွှတ်မယ့် ကိစ္စရပ်တွေ၊ လေ့လာရေးကာလနဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေ အသေးစိတ် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားတွေကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေမှာ Internship လုပ်ငန်းခွင်လက်တွေ့လေ့လာရေး အစီအစဉ်တွေဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဓာတ်ပုံ-MOI