Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်အနေဖြင့် ပုသိမ်ရှိ ကျွန်းတကျွန်းအား အမည်ပြောင်းရန် စီစဉ်
DVB
·
February 1, 2018
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ ဂျိတ်လက်ကျေးအနီးမှာရှိတဲ့ ပန်းတပွင့်ကျွန်းကို The Lady Island အဖြစ် နာမည်ပြောင်း သတ်မှတ်ဖို့ ဒေသခံတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက စီစဉ်နေပါတယ်။ ဂျိတ်လက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်က “ဒေသခံတွေကတော့ မြန်မာနိုင်ငံအပေါ် အရမ်းတာဝန်ကျေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံတွေက ပေးသမျှဆုတွေ ရုပ်သိမ်းနေတဲ့အချိန် ကိုယ့်ဒေသမှာ တန်ဖိုးထားတဲ့ကျွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို နာမည်ပြောင်းဖို့ အားလုံး သဘောတူခဲ့တာ”လို့ ဆိုပါတယ်။ ပန်းတပွင့်ကျွန်းဟာ အကျယ်ဧရိယာ ၄၆ ဒသမ ၅၄ ဧကရှိပြီး ကမ်းစပ်ရေ ကြည်လင်ကာ ငါးမျိုးစိတ်များစွာကိုလည်း ကမ်းစပ်ရေပြင်မှာ တွေ့ရှိနိုင်တဲ့ သဘာဝကျောက်တန်းတွေနဲ့ လှပတဲ့ ကျွန်းတကျွန်း ဖြစ်ပါတယ်။ ကမ်းပေါ်မှာရှိတဲ့ တောအုပ်ထဲမှာလည်း သမင်၊ ချေ၊ ဆတ်၊ ဖွတ်၊ မျောက် စတဲ့ တောကောင်တွေ ရှိနေတာကြောင့် ဒေသခံတွေက သစ်ခုတ်ဝါးခုတ်တွေ သားငါးများ ဖမ်းယူတာတွေ သဲကျောက် ထုတ်ယူတာတွေ မပြုလုပ်ဖို့ စောင့်ရှောက်ထားတဲ့ ကျွန်းတကျွန်း ဖြစ်လို့ အခုလို ဂုဏ်ပြုသတ်မှတ်ဖို့ အားလုံး သဘောတူခဲ့ကြတာလို့ ကျေးရွာ တာဝန်ရှိသူတွေဆီက သိရပါတယ်။ ဒီကျွန်းနဲ့ပတ်သက်ပြီး ဂျိတ်လတ်ကျေးရွာရပ်မိရပ်ဖ  ဦးမြင့်လွင်က “ပန်းတပွင့်ကျွန်းဟာ အရင်က မောင်နှမ ၂ ဦး နေထိုင်ဖူးပြီး မောင်ဖြစ်သူ ပင်လယ်ထဲ ငါးဖမ်းထွက်ရင် အစ်မဖြစ်သူက အမြဲတမ်း ပန်းတပွင့် ပန်ဆင်ပြီး မောင်ငယ်ဖြစ်သူ ပြန်အလာကို ကျောက်တောင်ပေါ်က မျှော်ခဲ့တာကြောင့် ပန်းတပွင့်ကျွန်းလို အမည်ထွင်ခဲ့တာဖြစ်ပြီး ဒေသတွင်း လေပြင်း တိုက်ခတ်တာတွေ မုန်တိုင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်ရင်လည်း ငါးဖမ်းသင်္ဘောတွေ လှေတွေ ဆိုက်ကပ်နားခိုလေ့ ရှိတဲ့ ကျွန်းတကျွန်း ဖြစ်တယ်”လို့ ပြောပါတယ်။ ကျွန်းနာမည်နဲ့ လိုက်ဖက်ဖို့ စကျင်ကျောက်နဲ့ ထွင်းထုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းတပွင့်ထဲ ပန်ဆင်ထားတဲ့ ရုပ်တုကြီးကို ကျွန်းရဲ့ အကြီးဆုံး ကျောက်တောင်ပေါ်မှာ ထားရှိသွားမယ်လို့ သိရပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024