အန်အယ်လ်ဒီပါတီ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဖွဲ့
ရွှေအောင်
·
May 9, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်နယ်တိုင်း၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာတွေမှာ ညီလာခံကျင်းပနိုင်ဖို့အတွက် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်တရပ် ဖွဲ့စည်းလိုက်ပါတယ်။
[caption id="attachment_23473" align="alignright" width="232" caption="ဦးဥာဏ်ဝင်း"][/caption]
ဦးတင်ဦး ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ ကော်မရှင်တရပ် ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဖွဲ့ချုပ်ရဲ့ ကြေညာချက်အရ သိရပါတယ်။
ကော်မရှင်ရဲ့ အဓိက လုပ်ငန်းတာဝန်တွေကို ကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက “အဓိက တာဝန်ကတော့ အန်အယ်လ်ဒီပါတီ ပြန်လည်ဖွဲ့စည်းရေး အတွက် ဗဟိုကော်မရှင်အနေနဲ့က ပြည်နယ်တိုင်းဒေသကြီး ကော်မရှင်တွေ၊ ခရိုင်ကော်မရှင်တွေကို ဖွဲ့သွားမယ်။ အဲဒီ ခရိုင်ကော်မရှင်တွေက တခါ မြို့နယ် ကော်မရှင်တွေ ဖွဲ့မယ်။ နောက်တခါ reorganization အတွက် ရပ်ကျေးအဆင့်က စပြီးတော့ ညီလာခံကျင်းပမယ်။ နောက် မြို့နယ် ကျင်းပမယ်။ နောက် ဗဟိုညီလာခံ ကျင်းပမယ် ဒါတွေ လုပ်သွားမှာပါ။”
အဖွဲ့ဝင်တွေအဖြစ် ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးစိုးဝင်း၊ ကိုမျိုးညွန့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်နဲ့ ဒေါ်ခင်စောမူတို့ ပါဝင်ပါတယ်။
အန်အယ်လ်ဒီ ပါတီအနေနဲ့ ပါတီပြန်လည်မှတ်ပုံတင်ပြီးတဲ့နောက် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ခဲ့ရပြီး၊ အခုတော့ ပါတီဝင်စုဆောင်းပြီး ပါတီဖွဲ့စည်းရေး၊ ညီလာခံကျင်းပရေးအတွက် ဆက်လက် ဆောင်ရွက်တာဖြစ်ပါတယ်။