ချင်တွင်းမြစ်အတွင်း အမြန်ရေယာဉ်နှင့် စက်လှေငယ်တစီး တိုက်မိ
DVB
·
February 1, 2018
မင်းကင်းမြို့နယ် ရေမြေကျေးရွာအနီးနားမှာ ဖောင်းပြင်ကနေ မုံရွာကို အစုန်ဆင်းလာတဲ့ ခရီးသည်တင် အမြန်ရေယာဉ်တစီးနဲ့ စက်လှယ်ငယ်တစီးတို့ မနေ့ ညနေ ၆ နာရီခွဲလောက်က ချင်းတွင်းမြစ်ထဲမှာ တိုက်မိခဲ့ပါတယ်။
မင်းကင်းမြို့မရဲစခန်းမှူး ဒုရဲမှူးကိုဌေးက “ကလေးဝကနေ ညနေ လေးနာရီလောက်က စုန်ဆင်းလာတဲ့ ရွှေပြည်ကမ္ဘာ အမြန်ယာဉ်နဲ့ မင်းကင်းကို လစာလာထုတ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါတဲ့ ဒေသအသုံးပြု စက်လှေငယ်နဲ့ တိုက်မိတာပါ။ စက်လှေငယ်က အမြန်ယာဉ်ခေါင်းပိုင်း ဝင်မိတာ။ ဖြစ်စဉ်မှာတော့ စက်လှေအမိုး ပျက်စီးတာကလွဲပြီး စက်လှေမှောက်တာ လူထိခိုက်တာ မရှိဘူး”လို့ ပြောပါတယ်။
အမြန်ယာဉ်ပေါ်မှာ ခရီးသည် ၅၀ ဦးလောက် တင်ဆောင်လာပြီး စက်လှေငယ်ပေါ်မှာတော့ ကျောက်တန်းအုပ်စု လျှော်ဖြူပင်ရွာ အုပ်ချုပ်ရေးမှူးအပါ ၁၇ ဦး လိုက်ပါလာတာ ဖြစ်ပါတယ်။
ရေယာဉ်မောင်းသူ နှစ်ဦးစလုံးကို အန္တရာယ်ဖြစ်စေအောင် ပေါ့လျော့စွာ မောင်းနှင်ခဲ့မှုနဲ့ အရေးယူသွားမယ်လို့ ဒုရဲမှူးကိုဌေးက ပြောပါတယ်။
သတင်း - မင်းရဲစစ်နိုင်