အစိုးရအဆက်ဆက် မြေသိမ်းခဲ့သူများကိုယ်တိုင် မြေသိမ်းစိစစ်ကော်မတီတွင် ပါဝင်နေဟု ဝေဖန်
DVB
·
February 1, 2018
မဖြည့်ဆည်းပေးနိုင်သေးသည့် ကတိကဝတ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအား ဆန်းစစ်ဝေဖန်ခြင်း အစီရင်ခံစာ စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid Hotel မှာ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ပါတယ်။
အစိုးရအဆက်ဆက်မှာ မြေသိမ်းခဲ့သူတွေကိုယ်တိုင်က မြေသိမ်းစိစစ်ကော်မတီတွေထဲမှာ ပါနေပြီး စွန့်လွှတ်မြေတွေကိုလည်း မူလလယ်ယာမြေရှင်တွေ ပြန်ရနိုင်ဖို့ မသေချာတဲ့ စစ်ဆေးတွေ့ရှိချက်တွေ ရှိနေတယ်လို့ ဒို့မြေအဖွဲ့က ကိုစည်သူက ပြောပါတယ်။
အဆိုပါ အစီရင်ခံစာကို မြေသိမ်း ယာသိမ်းမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းက ဝန်ကြီးချုပ်တွေဆီနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ဥပဒေကြမ်း ကော်မတီဝင်တွေအပြင် နိုင်ငံတော်သမ္မတရုံးကိုလည်း ပေးပို့သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မဖြည့်ဆည်းပေးနိုင်သေးသည့် ကတိကဝတ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအား ဆန်းစစ်ဝေဖန်ခြင်း အစီရင်ခံစာကို တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ၁၂ ဖွဲ့ကနေ အကြိမ်ကြိမ် ဆွေးနွေးပြီး ရေးသား ထုတ်ပြန်လိုက်တာပါ။