မိခင်ကို အိမ်ဝယ်ပေးရန် အပျိုစင်ဘဝကို လေလံတင် ရောင်းချသည့် မိန်းကလေး

2K
ဘရာဇီးနိုင်ငံမှ ဆယ်ကျော်သက်မိန်းကလေးတဦးဟာ မိခင်ဖြစ်သူကို အိမ်အသစ်တလုံး ဝယ်ပေးနိုင်ဖို့အတွက် သူ့ရဲ့ အပျိုစင်ဘဝကို ရောင်းချဖို့ လေတံတင်ထားတယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
အသက် ၁၉ နှစ်အရွယ် ရိုဆလီပင်န်ဟိုဟာ မီနက်စ်ဂျီရာရက်စ်ပြည်နယ်မှာ နေထိုင်ပြီး လက်ရှိမှာတော့ သူ့ရဲ့ အပျိုစင်ဘဝကို ဝယ်မယ့်သူဆီက လေလံကြေး ပေါင် ၄ သိန်း ၃ သောင်း ၈ ထောင်ထိ ရှိနေပြီလို့ ပြောပါတယ်။
ဒါပေမယ့် သူနဲ့ ၂ ဦးတည်း ၁၂ နာရီကြာ နေထိုင်ဖို့အတွက် လေလံကြေးငွေကို ပေါင် ၇ သိန်း ၄ သောင်း ၅ ထောင်လောက်ထိ ရချင်ပြီး လေလံတင်ထားတဲ့ ကာလကတော့ လာမယ့် မေလကုန်မှာ ပြီးဆုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် သူ့အနေနဲ့ နောင်တရတာမျိုးမရှိဘဲ မိသားစုရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ခုလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ပြောပါတယ်။
အွန်လိုင်းပေါ်က လူတွေဆီက အငြင်းပွားဝေဖန်စရာဖြစ်နေတဲ့ ဒီအခြေအနေအပေါ် ဆိုးဆိုးဝါးဝါး မှတ်ချက်တွေ ရခဲ့ပေမယ့် သူ့စိတ်ကိုတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ရိုဆလီက ပြောပါတယ်။
“ကျမမိသားစုအတွက် ဒါကိုလုပ်နေတာ။ ကျမတို့မိသားစုမှာ ကျမအမေ၊ မောင်နှစ်ယောက်၊ ညီအစ်မ သုံးယောက်နဲ့ ကျမအပါအဝင် အားလုံး ခုနှစ်ယောက်ရှိပါတယ်။ အဖေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ထားခဲ့ချိန်မှာ အရာရာဟာ ခက်ခဲလာခဲ့တော့တာပါပဲ။ ကျမအစ်ကိုတယောက်က အလုပ်လုပ်တယ်။ တလကို ၁၄၅ ပေါင်လောက်ရပေမယ့် ခက်ခက်ခဲခဲ ရပ်တည်နေရတယ်။ တနေ့ကို တကြိမ်ပဲ ကျမတို့ စားနိုင်တယ်။ ဒီကနေ ကျမတို့ လွတ်မြောက်ချင်တယ်။”
သူမဟာ အပျိုစင်ဘဝကို လေလံတင်ချိန်မှာ ပေါင် ၂ သိန်း ၆ သောင်း ၃ ထောင်က စတင်ခဲ့တာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံမှာ လိင်ရောင်းချမှုဟာ ဥပဒေအရ တရားဝင်ခွင့်ပြုထားတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ရိုဆလီကတော့ သူမရဲ့ အပျိုစင်ဘဝကို ရောင်းချဖို့အတွက် စည်းကမ်းချက် ၁၀ ချက်ကို ဖော်ပြထားခဲ့တာပါ။
လေလံပိတ်ရက်မှာ အနိုင်ရရှိသူဟာ သူမနဲ့ ဟိုတယ်မှာ ၁၂ နာရီကြာ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
စည်းကမ်းချက် ၁၀ ချက်ထဲမှာတော့ ဒီကိစ္စဟာ နှစ်ဦးနှစ်ဖက် လျှို့ဝှက်ထားရမယ့် ကိစ္စတွေ အပါအဝင် အပျိုစင်စစ်မစစ် ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်တွေကိုလည်း ပေးသွားမယ်လို့ ဆိုပါတယ်။
တခြားအချက်တွေအနေနဲ့ လေလံအောင်သူဟာ ကွန်ဒုံးအသုံးပြုရမှာဖြစ်ပြီး အကြမ်းဖက်တာ၊ လိင်ဆက်ဆံရေးဆိုင်ရာအရုပ်တွေ အသုံးပြုခွင့်မပေးတာ၊ မူးယစ်ဆေးဝါး သုံးစွဲထားသူ မဖြစ်ရတာ၊ ဘရာဇီးနိုင်ငံမှာသာ လာရောက်တွေ့ဆုံရမှာ စတဲ့အချက်တွေလည်း ပါဝင်နေတာပါ။
ဒီကိစ္စကို မိခင်အပါအဝင် မိသားစုဝင်တွေကိုတော့ လက်ရှိအချိန်ထိ ဖုံးကွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။
“ကျမအမေသိသွားရင်တော့ စိတ်ပျက်သွားမှာပဲ။ အချိန်တန်တော့လည်း သိသွားမှာပေါ့လေ။ အဲဒီကျရင်တော့ နားလည်သွားမှာပါ။”
ရိုဆလီက သူဟာ သူငယ်ချင်းတွေကိုတော့ ဒါကို အသိပေးတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
“ကျမနေတဲ့မြို့မှာ နေထိုင်သူ ၁ သောင်းခွဲလောက်ရှိတာ။ တကယ်လို့များ ဒီသတင်း ပေါက်ကြားသွားရင် အတင်းအဖျင်းတွေအဖြစ် ပြန့်သွားမှာပေါ့။”
ဒါဟာ သူ့အတွက်တော့ နောက်ဆုံးမျှော်လင့်ချက်တခုလည်း ဖြစ်နေပြီး အရင်ကလည်း မြို့အနှံ့ ရရာအလုပ်နဲ့ ငွေရှာခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီလေလံတင်မှုကနေ ရရှိမယ့်ငွေကို မိသားစုအတွက် အိမ်ကောင်းကောင်းတလုံး ဝယ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျမ အိမ်ကောင်းကောင်းတလုံး ဝယ်ပါမယ်။ ကျမကျောင်းစရိတ်အတွက် သုံးမယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းတခု လုပ်မယ်။ နောက်တရက်မှာ စားရမယ့် နေ့လယ်စာအတွက် မပူပန်ရဘဲ တိတ်ဆိတ်အေးချမ်းတဲ့ဘဝမှာ နေသွားချင်တယ်။”