A d v e r t i s e m e n t With Us

ဂျူးလူမျိုးများကို ကယ်တင်ခဲ့သည့် ဂျာမန်သံတမန်များအား ဂုဏ်ပြုသည့်ပြခန်း ဖွင့်လှစ်

ဒုတိယကမ္ဘာစစ်အတွင်း မီးလောင်တိုက် အသွင်းခံရမယ့် ဂျူးလူမျိုးတွေကို ကယ်တင်ခဲ့တဲ့ ဂျာမန်သံတမန်တွေကို ဂုဏ်ပြုတဲ့ ပြခန်းတစ်ခု မြို့တော်ဘာလင်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က ဂျာမန် နိုင်ငံခြားရေးရုံးမှာ ပြုလုပ်တဲ့ အဲဒီပြခန်းကို ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျာမနီနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ 'Beyond Duty' လို့ အမည်ပေးထားတဲ့ အဲဒီပြခန်းဟာ အသက်စွန့်ပြီး ဂျူးလူမျိုးတွေကို ကယ်တင်ခဲ့တဲ့ ဂျူးလူမျိုး မဟုတ်သူတွေနဲ့ ဟိုလိုကော့စ်အတွင်း အသက်ရှင် ကျန်ရစ်သူတွေအတွက် ဂုဏ်ပြုဖွင့်လှစ်တာ ဖြစ်ပါတယ်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာဂေဘရီယယ်က “ဒီပြခန်းဟာ တကယ်ကို အန္တရာယ်များတဲ့ ကာလတုန်းက သတ္တိရှိရှိ လုပ်ဆောင်ခဲ့တဲ့ သံတမန်တွေကို ရည်ညွှန်းပါတယ်။ ၁၉၃၃ နဲ့ ၁၉၄၅ ခုနှစ်ကြား အချိန်က ဂျာမနီဟာ ကမ္ဘာမှာ သူ့ရဲ့အယူဝါဒကို ကြီးစိုးအောင် ကြိုးပမ်းပြီး လူတွေကို သတ်တယ်။ အထူးသဖြင့် ဂျူးလူမျိုးတွေကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့် အဲဒီလို ဆိုးရွားတဲ့အခြေအနေဟာ ဒီနိုင်ငံမှာ ထပ်ပြီး မပေါ်ပေါက်တော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂျရယ်မီအိုင်ဆက်ချရော့ဖ်က “ဂျူးလူမျိုးပေါင်း ထောင်နဲ့ချီ ကယ်တင်ခဲ့တဲ့ သတ္တိခဲ ဂျာမန်သံတမန်တွေရဲ့ ဇာတ်လမ်းတွေကို လေးစားအတုယူပြီး ဘယ်တော့မှ မမေ့အပ်ပါဘူး” လို့ ပြောပါတယ်။ ဂျူးလူမျိုးတွေကို ကယ်တင်ခဲ့တဲ့ ဂျူးလူမျိုးမဟုတ်သူတွေထဲမှာ ဂျာမန်ရေတပ်စစ်သံမှူး ဂီအော့ဖာဒီနန်ဒိုခရစ် ဆိုသူဟာ ထင်ရှားခဲ့ပါတယ်။ သူ့ကို ဂျေရုဆလင်မှာရှိတဲ့ ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်မှာ ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။ ဂီအော့ဖာဒီနန်ဒိုခရစ်ဟာ ဂျူးလူမျိုးတွေ ပြည်တော်ပြန်ပို့မယ့် သတင်းကို  ဒိန်းမတ်ခေါင်းဆောင်တွေကို ကြိုတင်အသိပေးခဲ့ပါတယ်။ အဲဒီအတွက် ဒိန်းမတ်မှာရှိတဲ့ ဂျူးလူမျိုး  ၉၀ ရာခိုင်နှုန်းကို ဟိုလိုကော့စ်ကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ နာဇီခေါင်းဆောင် ဟစ်တလာရဲ့ စနစ်တကျသုတ်သင်ရေး အစီအစဉ်အရ ဂျူးလူမျိုး ၆ သန်းခန့် သတ်ဖြတ်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up