Home
မြန်မာသတင်း
မြသပိတ်စေတီတော်မြတ် ဘုရားပွဲတော်တွင် ထမနဲထိုးပြိုင်ပွဲ ကျင်းပ
DVB
·
January 31, 2018
မွန်ပြည်နယ်၊ သထုံမြို့ မြသပိတ်တောင်ခြေရှိ မြသပိတ်စေတီတော်မြတ်ကြီးရဲ့ အကြိမ် ၆၀ ပြည့် ဘုရားပွဲတော်မှာ သံဃာတော်တွေကို လောင်းလှူဒါန်းနိုင်ဖို့အတွက် ထမနဲထိုးပြိုင်ပွဲကို မနေ့က ကျင်းပပါတယ်။ တိမ်မြုပ်နေတဲ့ ရိုးရာအစဉ်အလာကို ပြန်လည်ဖော်ထုတ်ဖို့အတွက် ခုလို မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေးအဖွဲ့က ဦးဆောင်ပြီး ကျင်းပခဲ့တာပါ။ စေတီတော်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိုးနောင်ဦးက “ထမနဲထိုးပြိုင်တာက သထုံမှာဆိုရင် ခေတ်ကာလအခြေအနေနဲ့ အားပေးထောက်ပံ့ကူညီမှုတွေ အားနည်းခဲ့လို့ နှစ်ပေါင်း ၃၀ ဝန်းကျင်လောက် ကွယ်ပျောက်နေခဲ့တာပါ။ ဘုရားပွဲမှာ ပြန်ပြီးထည့်သွင်း ပြုလုပ်ခဲ့တာ ဒီနှစ်ပါဆိုရင် သုံးနှစ်ရှိပါပြီ။ ဒီလို ထမနဲယှဉ်ပြိုင်တာက မြို့သူမြို့သားတွေရဲ့ စုစည်းမှု ဘယ်လောက်ရှိတယ်ဆိုတဲ့ အားကို ပေါ်လွင်စေပါတယ်” လို့ပြောပါတယ်။ မြို့လုံးကျွတ် ထမနဲထိုးပြိုင်ပွဲမှာ မြို့ပေါ် ၅ ရပ်ကွက်အပြင် စိတ်ပါဝင်စားတဲ့ လူမှုရေး အသင်းဖွဲ့ပေါင်း ၁၁ ဖွဲ့ လာရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ထမနဲထိုးယှဉ်ပြိုင်သူတဦးက “ဒီပွဲက ကိုယ့်လုပ်အားနဲ့လည်း ကုသိုလ်ရတဲ့အတွက် ယှဉ်ပြိုင်တာထက်စာရင် အရမ်းကျေနပ်ဖို့ ကောင်းပါတယ်။ ဒီလို အမွေကောင်းတခုကို နောင်လာနောက်သားတွေ အစဉ်ထိန်းသိမ်းပြီး ဆက်လုပ်သွားစေချင်ပါတယ်”လို့ ပြောပါတယ်။ အဆိုပါပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အဖွဲ့တွေရဲ့ တူညီဝတ်စုံ ဝတ်ဆင်နိုင်မှု၊ အဖွဲ့လိုက် စည်းလုံး ညီညွတ်စွာ လုပ်ဆောင်နိုင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အရသာအကောင်းဆုံး ပြုလုပ်နိုင်မှု၊ အမြန်ဆုံး ထိုးနိုင်မှုတို့အပေါ် အမှတ်တွေပေးကာ အကောင်းဆုံးအဖွဲ့ကို ဆုပေးအပ်သွားဖို့ရှိပါတယ်။ ဆုရရှိတဲ့အဖွဲ့တွေကိုတော့ တပို့တွဲလပြည့်နေ့၊ ညနေပိုင်းမှာ ဆုချီးမြှင့်ပေးမှာဖြစ်ပြီး ထမနဲတွေကိုတော့ တပို့တွဲလပြည့်နေ့ မနက်မှာ ဆွမ်းဆန်စိမ်း အလှူခံကြွရောက်မယ့် သံဃာအပါး ၆၅၀ ကျော်ကို  ဆက်ကပ်မယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024