ရွှေနံ့သာရွာသားများ ကိုယ့်လယ်ကိုယ် ပြန်ထွန်မည်
အေးနိုင်
·
May 9, 2012
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုမှာ ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ မြေယာတွေပေါ်မှာ မူလပိုင်ရှင် လယ်သမားတွေက မေ ၁၀ ရက်နေ့မှာ လယ်ပြန်ထွန်ယက်တော့မယ်လို့ လယ်သမားတွေကို ဦးဆောင်တဲ့ ဦးနေမျိုးဝေက ပြောပါတယ်။
“မြေယာမှုခင်းပေါ့ဗျာ။ ဘယ်သူ့ကို လုပ်ပိုင်ခွင့်ပေးမလဲဆိုတာက အဲ့ဒါတွေက မြေယာကော်မတီက ကိုင်တာပါ။ မြေယာကော်မတီရဲ့ ဥက္ကဋ္ဌက အရင်က မရက ဥက္ကဋ္ဌပဲ။ အခုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးပေါ့။ ကျနော်တို့ကတော့ တရားတဘောင်ရင်ဆိုင်ဖို့ လိုအပ်နေပြီလို့ စာတင်ပြီးပြီ။”
ဇေကမ္ဘာကုမ္ပဏီက ရွှေနံ့သာကျေးရွာလယ်သမားတွေရဲ့ မြေတွေပေါ်မှာ စက်မှုဇုန် ၄ အမည်နဲ့ အကောင်အထည်ဖော်နေတာပါ။
နဝတ၊ နအဖ အစိုးရလက်ထက်က ရွှေနံ့သာကျေးရွာထဲက လယ်ဧက ၈၀၀ ကျော်ကို အစိုးရက သိမ်းမယ်လို့ သတင်းထွက်အပြီးမှာ ဇေကမ္ဘာကုမ္ပဏီက နစ်နာကြေး ၁ ဧကကို ၃ သိန်းနှုန်း ပေးပြီး စက်မှုဇုန် အကောင်အထည်ဖော်နေတာပါ။
ကိုယ့်လယ်မှာ ကိုယ်ဆက်လုပ်ခွင့်ပေးမယ်ဆိုတဲ့ ကတိရတာရယ်၊ အစိုးရသိမ်းရင် နစ်နာကြေး လုံးဝရမှာမဟုတ်ဘူးလို့ ယုံကြည်တာကြောင့် နစ်နာကြေးယူခဲ့ကြပေမယ့် ဇေကမ္ဘာကုမ္ပဏီဘက်က လယ်လုပ်ခွင့် ကန့်သတ်လာတဲ့အပေါ် ပြဿနာတက်နေတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဇေကမ္ဘာကုမ္ပဏီရဲ့ လှည့်ဖြားတာခံရတယ်လို့ လယ်သမားတွေက ယူဆပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုတိုင်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း လယ်ယာမြေပေါ်မှာ စက်မှုဇုန်ဖော်ခွင့်မရှိလို့ တားမြစ်ခဲ့သလို ဆက်လုပ်ရင် လယ်ယာမြေပျက်စီးစေမှုနဲ့ အမှုဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဇေကမ္ဘာကုမ္ပဏီကတော့ စက်ယန္တရားတွေနဲ့ ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်က အိုးအိမ်ဦးစီးဌာနကို သွားမေးရာမှာ စက်မှုဇုန် ၄ဟာ အိုးအိမ်ဦးစီးဌာနအောက်မှာ မရှိဘူးလို့ တုံ့ပြန်ခဲ့အတွက် မြေယာမှုခင်းဘက်ကသွားဖို့ လယ်သမားတွေက ဆုံးဖြတ်ပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို ကိုယ်စားလှယ်လွှဲပြီး ဦးဆောင်စေပါတယ်။
မေ ၇ ရက်နေ့မှာ ဦးနေမျိုးဝေတို့ဟာ မြို့နယ် မြေယာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက်ပြီး ဒီလယ်တွေကို ဘယ်သူကို လုပ်ကိုင်ခွင့်ပေးမလဲ ဆိုတာကို အဆုံးအဖြတ်ပေးဖို့ စာရေးသားပေးပို့မေးမြန်းခဲ့တယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။
ရွှေနံ့သာက မူလပိုင်ရှင် လယ်သမားတွေက မေ ၁၀ ရက်နေ့မှာ လယ်ယာထွန်ယက်ကြမှာ ဖြစ်ပြီး ရဲနဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွေကို အသိပေးထားပြီးပြီလို့ ဦးနေမျိုးဝေက ပြောပါတယ်။
“ကျနော်တို့က လယ်သမားတွေနဲ့ ၁၀ ရက်နေ့ကျရင် လယ်ထွန် မင်္ဂလာကျင်းပပြီး လယ်ထွန်မယ်။ ရဲတွေ လာတားလို့မရတော့ဘူး။ ကျနော်တို့ကိုယ်တိုင် တဲထိုးပြီး သွားစောင့်ပြီးနေမှာ။ ကျနော်တို့က ကုမ္ပဏီကို တားလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဲက လယ်သမားကို လုပ်ပိုင်ခွင့်ပေးရင် တားပေးမယ်တဲ့။ မယကကလည်း အဲဒီအတိုင်း ပြောတယ်။ အဲဒီတော့ ကုမ္ပဏီ ထိုးနေတာကျတော့ ရဲက တားမပေးဘူးဆိုတော့ ကျနော်တို့လယ်သမားတွေ ထွန်နေတာကို သူတို့ တားမရဘူး။ အဲဒီတော့ ကျနော်တို့ ထွန်မယ်၊ စိုက်မယ်။ ကုမ္ပဏီကလူတွေ လာနှောင့်ယှက်လို့မရဘူး။ ကျနော်တို့က ကာထားမယ် လူအုပ်နဲ့။”
ရွှေနံ့သာ လယ်သမားတွေက လုပ်ပိုင်ခွင့် လွှဲအပ်ထားတဲ့ ဦးနေမျိုးဝေ ပြောသွားတာပါ။