Homeမြန်မာသတင်း
လွှတ်တော်အမတ်များထိထိမိမိမေးရန်နှင့် ၀န်ကြီးများ တိကျမှန်ကန်စွာဖြေရန်လွှတ်တော် ဥက္ကဋ္ဌပြော
လွှတ်တော်အမတ်များထိထိမိမိမေးရန်နှင့် ၀န်ကြီးများ တိကျမှန်ကန်စွာဖြေရန်လွှတ်တော် ဥက္ကဋ္ဌပြော
DVB
·
January 30, 2018
လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မေးခွန်းတွေကို ထိထိမိမိမေးဖို့၊ လာဖြေတဲ့ အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို အခြေခံပြီး မှန်မှန်ကန်ကန်ဖြေဖို့ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌက သတိပေးပြောဆိုလိုက်ပါတယ်။
ဒီနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ နှုတ်ခွန်းဆက်စကားမှာ ပြောခဲ့တာပါ။
ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက “ကိုယ်စားလှယ်များကို ဦးစွာပြောကြားလိုတာကတော့ ကိုယ်မေးတဲ့ မေးခွန်းကို တိတိကျကျရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိ မေးဖို့လိုပါတယ်။ မေးခွန်းများဟာ မိမိမဲဆန္ဒနယ်မြေမှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူများ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲများ၊ အမှန်တကယ်လိုအပ်ချက်များနဲ့ တိုက်ရိုက်ပတ်သက်ဖို့ အရေးကြီးသလို လွှတ်တော်မှာ ဖြေကြားပြီးသားကိစ္စရပ်တွေ မဖြစ်ဖို့လည်း လိုပါတယ်။ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းမှု များကို စာနှင့်ဖြေကြားပေးတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများအနေနဲ့လည်း ပြည့်ပြည့်စုံစုံနဲ့ ကျိုးကြောင်း ဆီလျော်အောင် ဖြေကြားပေးဖို့ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဖြေကြားမှုများ မှာ မြေပြင်တွင်ဖြစ်ပေါ်နေသော အခြေအနေများကိုသာ အခြေခံပြီး တိကျမှန်ကန်စွာ ဖြေဆိုကြပါ” လို့ ပြောပါတယ်။
မေးခွန်းတွေကို လာဖြေပြီးရင်လည်း ဖြေတာမှာ ကတိကဝတ်တွေပါခဲ့ရင် အဲဒါကို အကောင်အထည် ဖော်နိုင်အောင် လုပ်မှ မေးသူရော၊ ဖြေသူပါ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်မယ် လို့လည်း ပြောပါတယ်။
၂ နှစ်နီးပါးရှိလာတဲ့ လွှတ်တော်သက်တမ်းမှာ ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော် ပုံမှန်အစည်းအဝေး ၅ ကြိမ်မှာ အဆို ၂၅ ခု၊ ပါတယ်။ ကြယ်ပွင့်ပြမေးခွန်း ၇၂၉ ခုနဲ့ ကြယ်ပွင့်မပြမေးခွန်း ၁၂၅ ခု တင်သွင်း မေးမြန်းခဲ့ပါတယ်။
လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ အနေနဲ့လည်း ပုံမှန် အစည်းအဝေးပေါင်း ၅၀၅ ကြိမ်၊ ပြင်ပပုဂ္ဂိုလ်/အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးပေါင်း ၁၅၆ ကြိမ် ရှိခဲ့တယ်လို့လည်း ဥက္ကဋ္ဌက ပြောပါတယ်။