Home
မြန်မာသတင်း
ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းက ရှေးဟောင်းပစ္စည်းများအား မူလနေရာသို့ ပြန်အပ်နှံ
DVB
·
January 30, 2018
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းက ရှေးဟောင်းပစ္စည်းတွေကို ဇန်ဝါရီ ၃၀ ရက်မနက်က တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်နဲ့ မူလနေရာကို ပြန်လည်အပ်နှံခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် တပ်မတော် အစိုးရလက်ထက်က အဆိုပါပစ္စည်းတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာရောက်စဉ် ပြသဖို့အတွက် မုံရွာမြို့မြန်မာစာယဉ်ကျေးမှုစာပေဌာနမှာ ထိန်းသိမ်းထားခဲ့ရာမှ အခုအခါ ဒေသခံတွေက တောင်းဆိုတဲ့အတွက် မူလပိုင်ရှင်တွေထံ ပြန်အပ်နှံခဲ့တာပါ။ ရှေးဟောင်းပစ္စည်းများ မူလနေရာ ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့တဲ့ ချောင်းဦးမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်မှုဆောင် ဒေါ်မိုးမိုးလွင်က “ကျမတို့အနေနဲ့ ဒီကိစ္စကို တိုင်းဒေသကြီး အစိုးရဆီ တင်ပြတယ်။ အခုတော့ ခွင့်ပြုချက်ရတဲ့အတွက် ဒေသခံတွေဆီကို ပြန်လည်အပ်နှံနိုင်ပြီပေါ့။ မူရင်းပိုင်ရှင်တွေဖြစ်တဲ့ အမြင့်မြို့ဟောင်းက ဘုံပျံကျောင်းတိုက် ဆရာတော် ပါတယ်။ အဲဒီတုန်းက ပစ္စည်းငှားရမ်းသွားသူတွေလည်း ပါတယ်။ နောက်ပြီး မူလပိုင်ရှင် ဒေသခံတွေလည်း ပါတယ်။ အသိသက်သေတွေနဲ့ အားလုံးရှေ့မှာ လက်မှတ်ထိုး အပ်နှံတာ”လို့ ပြောပါတယ်။ ရှေးဟောင်းပစ္စည်းတွေကတော့ ကြေးကရား၊ ငွေကရားတွေ၊ အရင်က ဘုန်းကြီးကျောင်းမှာ တပ်ဆင်ထားတဲ့ ပန်းကနုတ်ပျဉ်ပြားတွေ၊ မြေအိုးတွေ၊ ရေတကောင်းတွေ၊ ရှေးဟောင်းသေတ္တာ တလုံး၊ ရှေးဟောင်းမဟော်ဂနီ စားပွဲတလုံး၊ တံခွန်တိုင် တခု၊ မင်းတုန်းမင်းတရားကြီး လက်ထက်က အလုံစစ်ကဲတော်ကြီး ဦးထွန်းဦးရဲ့ ပုံတူပန်းချီကား တချပ်နဲ့ ဒေါင်းလန်းတွေ စတဲ့ စုစုပေါင်း ပစ္စည်း ၂၃ ခုပါဝင်ပါတယ်။ အခုပစ္စည်းတွေကို လတ်တလော မြို့ဟောင်းက ဘုံပျံဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းသွားမှာ ဖြစ်ပြီး သမိုင်းအမွေနှစ်ဖြစ်တဲ့အတွက် မြို့ဟောင်းအကြောင်း လာရောက် လေ့လာသူတွေကို အလွယ်တကူ လေ့လာနိုင်စေဖို့ ပြသသွားမယ်လို့ သိရပါတယ်။ အမြင့်မြို့ဟောင်းမှာ နေထိုင်သူ ဦးကြည်စံက “ပစ္စည်းတွေက ကုန်းဘောင်လက်ထက်က အမြင့်မြို့စားကြီး မင်းလက်ဝါးက မြို့ဟောင်းမှာ ရှိတဲ့ ဘုံပျံဘုန်းကြီးကျောင်းမှာ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေပါ။ အရင်အစိုးရ အဆက်ဆက်တုန်းက ပြန်တောင်းခဲ့ဖူးတယ်။ မရခဲ့ဘူး။ အခုမှ ရတာ။ ဒီပစ္စည်းတွေ အခုလို မူလနေရာ ပြန်ရောက်လာတော့ ပြည်တွင်း ပြည်ပ အနယ်နယ်အရပ်ရပ်က မြို့ဟောင်းကို လာပြီးလေ့လာတဲ့သူတွေအနေနဲ့ အပြည့်အဝ လေ့လာလို့ ရတာပေါ့” လို့ ပြောပါတယ်။ အမြင့်မြို့ဟောင်းမှာ အရင် ရှေးဟောင်းစေတီစုစုပေါင်း ၃၃၆ ဆူနဲ့ ရှေးဟောင်း အဆောက်အအုံတွေ အပါအဝင် ရှေးဟောင်းဘုန်းကြီးကျောင်းတွေလည်း ရှိပါတယ်။ အမြင့်မြို့ဟောင်းဟာ ချောင်းဦးမြို့နဲ့ ၇ မိုင် ကွာဝေးပြီး မုံရွာမြို့နဲ့ မိုင် ၂၀ နီးပါး ကွာဝေးပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024