A d v e r t i s e m e n t With Us

မြောက်ကိုရီးယားအရေး အမေရိကန်နှင့် ဒိန်းမတ် ဆွေးနွေး

ဓာတ်ပုံ - ရိုက်တာ
နျူကလီးယားနဲ့ ဒုံးကျည်လက်နက်တွေ မကြာခဏ စမ်းသပ်လေ့ရှိတဲ့ မြောက်ကိုရီးယားအရေး အမေရိကန်နဲ့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ကို ရောက်နေတဲ့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြောက်ကိုရီးယားအရေးကိစ္စလို ခက်ခဲတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားပါတယ်။ “ကျနော်တို့ဟာ ကနေဒါ ဗန်ကူးဗားမှာရော၊ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်မှာရော၊ အခု ဝါရှင်တန်မှာပါ အချိန်အများကြီးပေး ဆွေးနွေးခဲ့ကြတာပါ။ ဆိုတော့ ဒိန်းမတ်နဲ့ အမေရိကန်ကြားမှာ ဘုံအကျိုးစီးပွားတွေ အများကြီးရှိပါတယ်။ နောက်ပြီး ကိုရီးယားကျွန်းဆွယ် နျူလက်နက်ကင်းမဲ့ဇုန်ဖြစ်ရေး လှုံ့ဆော်မှုမှာ ဒိန်းမတ်နိုင်ငံရဲ့ အကြီးအကျယ် ထောက်ပံ့ပေးမှုကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပါရီမြို့မှာလုပ်ခဲ့တဲ့ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့ ဒိန်းမတ်ရဲ့ ထောက်ပံ့ပေးမှုကို ကျေးဇူးတင်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားသွားတာပါ။ ဆက်လက်ပြီး သူက “ဒိန်းမတ်ဟာ နောဒစ်နိုင်ငံတွေထဲမှာ အရေးပါတဲ့နိုင်ငံပါ။ နောက်ပြီး သူတို့ဟာ ရုရှားနဲ့ နယ်နိမိတ်ချင်း အလွန်နီးကပ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် သူတို့အတွက် လုံခြုံရေးကွန်ရက်၊ လုံခြုံရေးအစီအစဉ်တွေဟာ အရေးကြီးပါတယ်။ သူတို့ဟာ ကုလသမဂ္ဂမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသူတွေပါ။ မြောက်ကိုရီးယားလို ခက်ခဲတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တခြားရွေးချယ်စရာနည်းလမ်းတွေ စဉ်းစားနိုင်ဖို့ရာမှာ သူတို့ဟာ အများကြီး အထောက်အကူပေးပါတယ်။ ဒါကြောင့် ကျေန်ာတို့ရဲ့ ဆွေးနွေးစကားပြောကြားရာမှာ ဒိန်းမတ်ဟာ အလွန်အထောက်အကူပြုပါတယ်" လို့လည်း ဆိုပြီး ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up