Homeမြန်မာသတင်း
ကျောင်းထုတ်ခံရသူများအား ကျောင်းပြန်တက်ခွင့်ပေးရန် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဆန္ဒပြ
ကျောင်းထုတ်ခံရသူများအား ကျောင်းပြန်တက်ခွင့်ပေးရန် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဆန္ဒပြ
Aung Aung Naing
·
January 30, 2018
ပညာရေးစရိတ် တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြ တောင်းဆိုတဲ့အတွက် ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၄၈ ယောက်ကို အမြန်ဆုံး ကျောင်းပြန်တက်ခွင့်ပေးဖို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား ၁၀၀ ကျော်က ဒီမနက် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
ကျောင်းထုတ်ခံ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး၊ ပညာရေးစရိတ် အမြန်ဆုံး တိုးမြှင့်ပေးရေးအတွက် သက်ဆိုင်ရာအစိုးရနဲ့ လွှတ်တော်ကို တင်ပြပေးဖို့နဲ့ ဆက်လက်ပြီး ကျောင်းထုတ်နေတာ ရပ်ပေးဖို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့ကနေ စတင်ပြီး ကျောင်းဝင်းအတွင်းမှာ ကျောင်းသားတွေ လှည့်လည်ဆန္ဒပြကြတာပါ။
ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုသူဝေလွင်က “ပညာရေးစရိတ် တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ နယ်ပယ်အသီးသီးက ဗကသကျောင်သား ၄၈ ယောက်ကို ကျောင်းထုတ်ပစ်လိုက်တာကို လုံးဝ ကန့်ကွက်တယ်။ ရှုတ်လည်း ရှုတ်ချတယ်။ ကျောင်းထုတ်ခံခဲ့ကြရတဲ့ ကျောင်းသားတွေကို အမြန်ဆုံး ကျောင်းပြန်တက်ခွင့်ပေးဖို့နဲ့ ပညာရေးစရိတ် တိုးမြှင့်ပေးဖို့ ကျောင်းထုတ်နေတာတွေ ရပ်တန့်ဖို့ ကျနော်တို့ တောင်းဆိုနေတာ”လို့ ပြောပါတယ်။
စစ်ကိုင်း ပညာရေးတက္ကသိုလ်က ကျောင်းသား ၁၀၀ ကျော်ဟာ တောင်းဆိုချက် ၃ ချက် မရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ ပါမောက္ခ ဒေါက်တာစောပြုံးနိုင်နဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ၃ ဦးနဲ့ ကျောင်းရုံးခန်းမှာ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။