မြစ်ကြီးနားတွင် ကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
January 29, 2018
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ငွေကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်ညနေ ၃ နာရီခွဲလောက်မှာ မူးယစ်တပ်ဖွဲ့စုက မူးယစ်ဆေးဝါးသတင်းအရ မြစ်ကြီးနားမြို့နယ်၊ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဘချမ်ဂွန်အောင်(ခ)မာဂွန် မောင်းနှင်ပြီး မခေါန်မိုင်၊ မရွယ်ဂျားနဲ့ မဆိုင်းဆန့် တို့လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
မော်တော်ယာဉ်အတွင်း ဘိန်းဖြူဆပ်ပြာခွက် ၂၄၃ ခွက် (ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၆၇၃ ကီလို)ဖမ်းမိပြီး ကွင်းဆက်အရ ညနေ ၅ နာရီလောက်လောက်မှာ စီတာပူရပ်ကွက် ဂင်ဒိုင်လမ်းသွယ်မှာ ကွမ်းဂျာလွမ်း မောင်းနှင်ပြီး ဘောက်နန် လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ပိတ်ဆို့ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက်၂၁၉ ခွက် (ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၄၀၉ ကီလို) နဲ့ လက်ကိုင်ဖုန်း နှစ်လုံး (စုစုပေါင်း ငွေကျပ် ၄၀၆၅ ဒသမ ၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၄၆၂ ခွက်၊ ဘိန်းဖြူ အလေးချိန် ၅ ဒသမ ၀၈၂ကီလို) တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
Photo : Ministry of Home Affairs, Myanmar