Live
Home
ရုပျသံ
“ကျနော် တာဝန်အပြည့်အ၀ယူတယ်” - မင်းကိုနိုင် (ရုပ်သံ)
DVB
·
January 29, 2018
ငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက် တင်ဆက်မှုနဲ့ပတ်သက်ပြီး အားလုံးကို တာဝန်အပြည့်အဝ ယူတယ်လို့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြား လိုက်ပါတယ်။ ဇန်နဝါရီ ၂၇ ရက်က ရန်ကုန် သုဝဏ္ဏကွင်းမှာ ပြုလုပ်ခဲ့တဲ့   ငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက်တင်ဆက်မှုပတ်သက်ပြီး တာဝန်ရှိပုဂ္ဂိုလ်တွေအားလုံးနဲ့  ဦးမင်းကိုနိုင်တို့ကို  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်တဲ့ အပေါ်မှာ ဦးမင်းကိုနိုင်က တုံ့ပြန်ပြောကြားလိုက်တာပါ။ ပြောကြားချက်အပြည့်အစုံ- “ဒီအခမ်းအနားနဲ့ ဒီတင်ဆက်မှုတွေအားလုံးကို ကျနော် တာဝန်အပြည့်အဝယူတယ်။ အဲဒီမှာပါဝင်ပြီး သရုပ်ဆောင်ရတဲ့သူတွေအပေါ်မှာ ခြိမ်းခြောက်မှုတောင်မှတစုံတရာ မရှိသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့်ရဲ့ စိတ်ကူးစိတ်သန်း၊ ကျနော့်ရဲ့ စီစဉ်တင်ဆက်မှုတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဘာမဆို ကျနော် တာဝန်ယူမယ်။ နောက်တခုက အဝတ်အစားတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က လက်နက်ကိုင် ပဋိပက္ခတွေကို ပြရတယ်။ ပြီးတော့ အဲဒီမှာ ကြုံရတဲ့ ဒုက္ခတွေကို ပြရတယ်။ ပြီးရင် ငြိမ်းချမ်းသွားတယ်ဆိုတဲ့ အချက်ကိုလည်း ပြခဲ့ပါတယ်။ အဲဒါကို သရုပ်ဖော်တဲ့အခါမှာ ကျနော်တို့က ဒီခေတ်ကို သရုပ်ဖော်ရမှာလေ။ ဒီခေတ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျနော်တို့ ညွှန်းတာ။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့ သုံးရမယ့် အဝတ်အစားတွေက ဒီဘက်ခေတ် အဝတ်အစားတွေပဲ ဖြစ်ရမယ်။ ဘာမှတိတိကျကျ၊ ဘယ်အဖွဲ့အစည်းရယ်လို့မှ တံဆိပ်တွေ၊ လက်မောင်းတွေ ကျနော်တို့ သုံးစွဲထားခြင်း မရှိဘူး။ ဘာကြောင့်ပြောတာလဲဆိုတော့ ‘စစ်’ ဆိုတဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံကိုပဲ ကျနော်တို့ ညွှန်းတာဖြစ်တယ်။ ဒါကို နားလည်တဲ့သူက နားလည်ကြပါတယ်။ နားမလည်တဲ့သူကလည်း ဘယ်လိုမှ နားမလည်ဘူး ဖြစ်နေတာ။ ဘယ်လိုလူမျိုးက နားလည်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ သံမဏိအရှည်ကြာဆုံး လက်နက်ကိုင်လမ်းစဉ်ကို ဆင်နွှဲခဲ့ကြတဲ့ ကေအင်န်ယူလို အဖွဲ့အစည်းမျိုးပေါ့။ သူတို့ဆီက ဒုဥက္ကဋ္ဌလို လူမျိုးကကျတော့ နားလည်တယ်တဲ့။ သူဆိုရင်လည်း အန်စီအေမှာ အစောဆုံး လက်မှတ်ထိုးထားတဲ့ သူတွေပဲဗျ။ ကျနော်တို့က အဲဒါတွေကို အောင်မြင်စေချင်လွန်းလို့ ပြည်သူလူထုတွေကြားထဲမှာ လှုပ်ရှားမှုအနေနဲ့ တင်ဆက်ကြတာကိုး။ အဲဒီတော့ ဒီခေတ်ကြီးရဲ့ ပဋိပက္ခတွေ၊ ဒီခေတ်ကြီးရဲ့ လက်နက်ကိုင်တွေကို ပြတဲ့နေရာမှာ ကျနော်တို့က ပွဲဈေးတန်းသွားပြီးတော့ ကုန်းဘောင်ခေတ်က မောက်တို မောက်ရှည်တွေ အဲဒါတွေ ဝယ်ပြီးတော့ တပ်ပြီးလုပ်လို့မရဘူး။ ဒါပါပဲ အဓိကကတော့။ တကယ်အရေးအကြီးဆုံးအချက် ဖြစ်တဲ့ အဆုံးသတ်မှာ သေနတ်ပြောင်းတွေကို အောက်ကို စိုက်လိုက်ပြီးတော့ ငြိမ်းချမ်းရေးချိုးငှက်တွေ အတူတူလွှတ်ကြတယ်။ အဲဒီလို ကြည်နူးစရာ၊ အဲဒီလို အားလုံး သဘာတူစရာကောင်းတဲ့ အဆုံးသတ်ကို ဘာလို့ မဖော်ပြထားတာလဲ။ အမှန်ကို ဖော်ထုတ်တယ်ဆိုတာ ပြည့်စုံဖို့လိုတယ်ဗျ။ တင်လိုက်တဲ့ ရီပို့ မီးပြတ်သွားလို့လား၊ ဒါမှမဟုတ် ရီပို့စာရွက်စက္ကူ ကုန်သွားလို့လား။ အဆုံးသတ်မပါတဲ့ ကိစ္စကတော့ တော်တော် အရေးကြီးတဲ့အချက် ကျန်ခဲ့တာပဲ။ အဲဒါမှ ကျနော်တို့ရဲ့ နိဂုံးကို သိမယ်။ ကျနော်တို့အားလုံး လိုချင်တဲ့ဘဝ၊ ကျနော်တို့အားလုံးရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ဘယ်လို ဖော်ညွှန်းထားတယ် ဆိုတာ ပြည့်စုံမှာပေါ့။” “ဒီစစ်ပွဲတွေ၊ တိုက်ပွဲတွေ၊ ပဋိပက္ခတွေအကြောင်းကို ရုပ်ရှင်ကော ဇာတ်ခုံတွေမှာကော အစုံပေါ့လေ တင်ဆက်ကြတာပဲ။ အဲဒီလို တင်ဆက်ကြတဲ့နေရာမှာ လွတ်လပ်ခွင့်ဆိုတာ သွားပြီးတော့ ဘယ်သူ့ကို အကြောင်းကြားရမှာလဲ။ ဆိုလိုတာကဗျာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကမှာ ငါတို့ကို အကြောင်းကြားရမယ် ဆိုတာလည်း မရှိပါဘူး။  ကျနော်တို့ ပြထားတဲ့ ပြကွက်အပေါ်မှာသာ ကျနော်က တာဝန်ယူတယ်။ အဲဒီအတွက်ကြောင့် တကယ်တော့ ဒီအနုပညာတင်ဆက်မှုမှာ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ၊ အဆုံးသတ်မှာပါတဲ့ အချက်ပဲ။ လက်နက်ကိုင်တဲ့သူတွေဟာ မတိုက်ကြတော့ဘဲနဲ့ သေနတ်ပြောင်းတွေကို စိုက်လိုက်ပြီးတော့ ငြိမ်းချမ်းရေးချိုးငှက်တွေ အတူလွှတ်လိုက်တယ် ဆိုတဲ့ဟာ အဲဒါသာ ပါစမ်းပါစေ။ အဲဒါကို တကယ်တမ်း ပြည့်ပြည့်စုံစုံ ပြန်ဖော်ပြတယ် ဆိုရင်ပေါ့။ ကျနော်ကတော့ တင်ဆက်ထားတဲ့အထဲမှာ အဲဒါကို နောက်ဆုံး ထင်ရှားအောင် အဓိက တင်ဆက်ထားတာ။ အဲဒါကို ထည့်ပြီးတော့ မပြောဘူး။ အဲဒါ ကိုယ်လိုချင်တဲ့အပိုင်းပဲ ပြောကြမယ် ဆိုရင်တော့ မပြည့်စုံဘူး။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024