တူးမြောင်းအတွင်း ခရုဆင်းကောက်သည့် အမျိုးသမီး ၂ ဦး ရေနစ်သေဆုံး
DVB
·
January 29, 2018
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အတွင်း အမျိုးသမီး ၂ ဦး မနေ့ မွန်းလွဲ ၂ နာရီလောက်က ခရုဆင်းကောက်ရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ကညွတ်ကွင်းမြို့ရဲ့ အရှေ့ဘက်ဆယ်မိုင်လောက်အကွာ ကင်ပွန်ခြုံကျေးရွာအုပ် ပျဉ်မပင်ကျေးရွာအနီးရှိ ဘတ်ဟိုးနဲ့ တူးထားတဲ့ တူးမြောင်းထဲမှာ ခရုဆင်းကောက်ရာမှ ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ကလေးမလေးနှစ်ယောက်က သွားတာကတော့ ဆီးသီးသွားကောက်ကြတာ။ တူးမြောင်း ဘေးမှာဆိုတော့ တူးမြောင်းထဲဆင်းပြီး ခရုပါ ဆက်ကောက်ကြတာဖြစ်မယ်။ တစ်ယောက် နစ်တော့ တစ်ယောက်ကဆင်းဆယ်ရင် နှစ်ယောက်လုံး နစ်သွားတာဖြစ်ဖို့ များတယ်။ ကလေးမလေးတွေမှာ ပြင်ပဒဏ်ရတော့ မရှိဘူး။ သေဆုံးသူရဲ့ အလောင်းတွေကိုလည်း ကညွတ်ကွင်းဆေးရုံကိုပို့ပြီး ဆေးပညာအရ စစ်ဆေးမှုတွေလည်း လုပ်နေပါပြီ”လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
မမျိုးမျိုးဌေးနှင့် မဇာဇာဖြိုးတို့ သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ဖို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁ /၂၀၁၈ အရအမှုဖွင့်လှစ်ပြီး ဆေးပညာအရ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)