ဦးမင်းကိုနိုင်တို့ကို တပ်မတော်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
DVB
·
January 29, 2018
ငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက်အစီအစဉ် စီစဉ်တင်ဆက်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအားလုံးနဲ့ ဦးမင်းကိုနိုင်တို့ကို တပ်မတော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစခန်းခွဲမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက် အစီအစဉ် ၇ ပါ ဦးမင်းကိုနိုင်ရဲ့ ကလေးစစ်သားများ အသုံးပြုခြင်းဆိုင်ရာ ပြောကြားချက်နဲ့ အစီအစဉ် ၈ ပါ ငြိမ်းချမ်းရေး သရုပ်ဖော်ပြသမှုတို့နဲ့ပတ်သက်ပြီး ကန့်ကွက် ရှုတ်ချခဲ့တာပါ။
ဒီပြကွက်တွေဟာ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အစိုးရရဲ့ ဦးဆောင်မှုနဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ထိခိုက်နှောင့်နှေးစေနိုင်ခြင်း၊ သမိုင်းအစဉ်အလာရှိခဲ့တဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်တွေကိုလည်း များစွာ ထိခိုက်နစ်နာစေခြင်းတို့ကြောင့် တပ်မတော်အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတာလို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။