A d v e r t i s e m e n t With Us

လိင်ဆက်ဆံသည့်ပုံစံ ကခုန်ခဲ့မှုဖြင့် နိုင်ငံခြားသား ၁၀ ဦးကို ကမ္ဘောဒီးယားရဲ ဖမ်းဆီး

ဓာတ်ပုံ - Cambodia Police
လိင်ဆက်ဆံတဲ့ပုံစံနဲ့ ညစ်ညမ်းစွာ သီဆိုကခုန်ခဲ့တဲ့ နိုင်ငံခြားသား ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကမ္ဘောဒီးယားရဲတွေက ဇန်နဝါရီ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။ ဒါဟာ နိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွားတွေ သွားလာမှုအများဆုံး နေရာတွေမှာ ခုလို အများပြည်သူတွေအတွက် မသင့်တော်တဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ မပြုလုပ်နိုင်စေဖို့ စီမံချက်အရ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သူတို့ကို နိုင်ငံရဲ့ အနောက်မြောက်ဘက် ဆီရမ်ရိပ်ဒေသတွင်း ရဲတွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ အန်ကောဝပ်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ သူတို့ကို ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက တရားခွင်မှာ စစ်ဆေးပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ်တနှစ်အထိ ကျခံရနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား အမျိုးသားရဲဌာနရဲ့ အင်တာနက်စာမျက်နှာပေါ်မှာတော့ ဖမ်းဆီးရမိသူတွေထဲမှာ ဗြိတိန်နိုင်ငံသား ၆ ဦး၊ ကနေဒါနိုင်ငံသား ၂ ဦး၊ နယူးဇီလန်နိုင်ငံသား ၁ ဦးနဲ့ နောက် ၁ ဦးကတော့ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို ဖော်ပြမထားပါဘူး။ အဖမ်းခံရသူအများစုက ကမ္ဘောဒီးယားနိုင်ငံထဲမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး နိုင်ငံထဲရောက်ပြီး ၂ ပတ်အကြာမှာ အဖမ်းခံရတာလို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီ ကျင်းပတဲ့ ပါတီပွဲမှာ အသားကင်လုပ်နေတုန်း ရဲတွေရောက်လာပြီး လူအုပ်စုထဲက တချို့ကို ရွေးချယ်ဖမ်းခဲ့တာလို့ အဖမ်းခံရသူတဦးက ပြောပါတယ်။ “ရိုးရိုးသားသားပြောရရင် နားမလည်ဘူး။ အားလုံး မရှင်းဘူးဖြစ်နေတယ်။ ရဲတွေရောက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။ အဲဒီမှာ ပါတီလာသူတွေက ၈၀ ကနေ၊ ၁၀၀ လောက်ရှိတယ်။ တချို့က ခရီးသွားဧည့်သည်တွေ။ ရဲတွေကတော့ အယောက် ၃၀ လောက်ရှိတယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ သူတို့အနေနဲ့ ကမ္ဘောဒီးယားရှေ့နေကို ငှားရမ်းထားကာ တရားရင်ဆိုင်သွားမယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းသမားတွေက ဆက်သွယ်မေးမြန်းရာမှာ ကမ္ဘောဒီးယား ခရီးသွားရဲတွေက အသေးစိတ် သတင်းအချက်အလက်တွေကို အတည်မပြုနိုင်ဘဲ ဗြိတိန်သံအမတ်ကြီးကို ခေါ်ထားတယ်လို့ ပြောလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဇန်နဝါရီ ၂၇ ရက် ညနေက ဗြိတိန်နိုင်ငံသားတွေနဲ့ အဆက်အသွယ်ရတယ်လို့ ပြောပါတယ်။ ဆယ်ကျော်သက်တွေကို အကာအကွယ်ပေးရေးနဲ့ လူကုန်ကူးမှုဆိုင်ရာ အမျိုးသားဌာန အကြီးအကဲ ဒူအောင်သာဗရီကတော့ “ကျမတို့အနေနဲ့ သူတို့ကို ဖြိုခွင်းခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ ယဉ်ကျေးမှုကို ဖီလာဆန့်ကျင်ပြီး သူတို့ရဲ့ အပြုအမူကို ဝန်ခံခဲ့ကြလို့ပဲ” လို့ ပြောပါတယ်။ အဖမ်းခံရသူတွေကတော့ လူထုကြားထဲ ဘီကီနီဝတ်တဲ့ နိုင်ငံတွင်းနေ နိုင်ငံခြားသားတွေနဲ့ ခရီးသွားတွေ၊ ဆီရမ်ရိပ်မှာ နိုင်ငံခြားသား ဖွင့်ထားတဲ့ ဘီယာဘားကို ပစ်မှတ်ထားချင်တာလို့ ယူဆနေကြပြီး “ကျနော်တို့မှာ အပြစ်မရှိပါဘူး၊ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ နားမလည်ဘူး” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up