အစိုးရကနေ မော်တော်ယာဉ်တွေကို မြန်မာနိုင်ငံထဲကို ဝယ်ယူတင်သွင်းခွင့် ပြုလိုက်တဲ့အတွက် ရန်ကုန် မော်တော်ယာဉ်တင်သွင်းမှုလုပ်ကိုင်နေတဲ့ ဈေးကွက်ထဲမှာ ထိခိုက်လာတယ်လို့ သိရပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်က ၂၀၀၇ ခုနှစ် မော်ဒယ်အထက် မော်တော်ယာဉ်တွေကို လွတ်လပ်စွာ ဝယ်ယူတင်သွင်းလို့ ရပြီလို့ ပြောကြားလိုက်တဲ့အတွက် အရင်ရှိပြီးသာ ကားဟောင်းကနေ ကားသစ်လဲသမားတွေနဲ့ ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ ဝယ်ယူခွင့် ပါမစ် ဈေးကွက်မှာ ထိခိုက်သွားတယ်လို့ ရန်ကုန်က ကားသွင်းလုပ်ငန်း လုပ်သူတွေက ပြောပါတယ်။
အက္ခရာ နံပါတ် ပ နဲ့ န နံပါတ် ကားဟောင်းတွေကိုအပ်ပြီး ကားသစ်ပါမစ်လုပ်ကိုင်နေသူတွေ ထိခိုက်ခံရတာနဲ့ပတ်သက်ပြီးတော့ အဲဒီ့လုပ်ငန်း လုပ်ကိုင်နေသူ တဦးက “အရင် ဒီသတင်းမထွက်ခင်က န နဲ့ ပ နံပါတ်တွေက သိန်း ၁၅၀ လောက်ခေါ်တယ်။ မနေ့ကထိတော့ ၁၁၅ သိန်း၊ ၁၂၀ သိန်းလောက်ကို ဈေးဆိုင်ကြတယ်။ န နဲ့ ပ နံပါတ်ပဲကျန်တော့ သိန်း ၁၀၀ အောက်တော့ ဆင်းမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
ပြည်ပမှာ လုပ်ကိုင်နေသူတွေနဲ့ သင်္ဘောသားတွေအတွက် ကားပါမစ်ကို ဝင်ငွေ ၁၀ ရာခိုင်နှုန်း ဘဏ်စာရင်းထဲမှာ သွင်းထားမှလျှောက်ထားလို့ရတဲ့ အခြေအနေကနေ အခုလို လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ရတဲ့အတွက် ရန်ကုန်က မြန်မာပြည်ကို ကားသွင်းတဲ့သူတယောက်က ထိခိုက်နစ်နာရတာနဲ့ပတ်သတ်ပြီး အခုလို ရှင်းပြပါတယ်။
“အရင်တုန်းက ၁၀ ရာခိုင်နှုန်း ဆောင်ထားတဲ့လူတွေ အလုပ်လုပ်သူတွေ၊ သင်္ဘောသားတွေ စတာတွေကို သင်္ဘောသားဆိုလည်း စိစစ်ပြီးမှ ထောက်ခံစာယူခိုင်းတယ်။ တန်းစီပြီး ထောက်ခံစာယူရတယ်။ အလုပ်လုပ်တဲ့သူတွေကျတော့ အလုပ်သမားရုံးမှာတင်ရတယ်။ တလလောက်ကြာတယ်။ ထောက်ခံချက်ပြန်ကျတယ်။ ပြီးမှကုန်သွယ်ရေးမှာ ပြန်လျှောက်ရတယ်။ ၃၀၀၀ ကျော်လျှောက်ထားပြီးမှ ၂၃၅၂ ယောက်ကိုပဲ ချပေးပြီးတော့ ကျန်တာကိုမချပေးသေးဘူး။ မချပေးတဲ့အပြင် ကုန်သွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်လိုက်တယ်။ အဲဒီသတင်းထုတ်ပြန်တော့ ပိုက်ဆံရှိတဲ့လူတိုင်းက ဘဏ်မှာလာလျှောက်လို့ရပြီပေါ့။ အရောင်းအဝယ် လုပ်ရတာ တော်တော်ခက်ခဲကုန်တယ်။”