မိတ္ထီလာခရိုင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ဦးပိုင်ကွင်း ၂ သောင်းကျော် လာမထုတ်သေး
DVB
·
January 28, 2018
မိတ္ထီလာခရိုင်တွင်းက တောင်သူတွေရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ-၇ ဦးပိုင်ကွင်း ၂ သောင်းကျော်လောက် တောင်သူတွေက ပုံ-၁ နဲ့ လျှောက်လွှာတင်ပြီး ပုံစံ-၇လာမထုတ်ကြသေးလို့ ထုတ်ယူကြဖို့ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီက တိုက်တွန်းနှိုးဆော်နေတယ်လို့ ဇန်န၀ါရီ ၂၇ ရက်မှာ ခရိုင်မြေစာရင်းဦးစီးဌာနက ပြောပါတယ်။
ခရိုင်မြေစာရင်းဦးစီး လက်ထောက်ညွှန်မှူး ဦးကျော်ကျော်က “ဝန်ထမ်းတွေ ကွင်းဆင်းပြီး အားချင်းလုပ်ပေးဖို့ ညွှန်ကြားထားတယ်။ ပုံစံ-၇ ထုတ်ယူဖို့ တောင်သူက ပုံစံ-၁ နဲ့ လျှောက်ထားရမယ်။ ကွင်းတကွင်းနဲ့တကွင်း တရွာနဲ့တရွာအစပ်တွေမှာရှိနေတဲ့ လယ်ယာမြေတွေမှာ ဟိုဘက်ပါ ဒီဘက်ပါ သူဟာငါ့ဟာ မကွဲမပြားဘဲ တောင်သူရဲ့စိတ်မှာ ဖြစ်နေတော့ လာမလျှောက်တာလည်း ရှိမယ်။ တချို့တောင်သူတွေကလည်း သူတို့ လက်ဝယ်ရရှိထားတဲ့ ပုံစံ-၇ မှာပါတဲ့ လယ်ယာမြေဟာ အကုန်ပဲထင်ပြီး လာမလျှောက်တော့တာလည်း ရှိတယ်။ ၂၀၁၈ မတ်လမှာ တောင်သူတွေဆီ ပုံစံ-၇ တွေရောက်သွားအောင် လုပ်ပေးမယ်။ စီမံထားတယ် အတတ်နိုင်ဆုံးပေါ့။ ကျန်နေရင်လည်း ဆက်ထုတ်ပေးမှာပါ။ ပုံစံ-၇ထုတ်ပေးဖို့ ကျန်နေတာ ဦးပိုင်ကွင်းနဲ့ပြောရင် ၂ သောင်းကျော် ၃ သောင်းလောက်ကျန်နေတယ်” လို့ ပြောပါတယ်။
စစ်ဆေးရေးနဲ့ အမှုတွဲ ထိန်းလက်ထောက်ဦးစီး ဦးဝင်းမြင့်ဦးက “ပုံစံ-၇ဆိုတာ တောင်သူရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပါ။ အဲလက်မှတ်ရဖို့ တောင်သူက ပုံစံ-၁ နဲ့ လာလျှောက်ရမယ်။ ပုံစံ-၂ ကနေ ၇ အထိကို ရုံးကလုပ်ပေးရမယ်။ အဲဒီပုံစံ-၁ ဆိုတဲ့ လျှောက်လွှာ လာမတင်ကြဘူး။ လိမ်ညာလျှောက်ထားရင်တော့ ဥပဒေအရ အရေးယူမယ်ဆိုတာ ပုံစံ-၁ မှာပါတယ်။ အဲဒါကို ကျေးရွာလယ်စီက ထောက်ခံမယ်။ မြို့နယ်လယ်စီက ထောက်ခံမယ်။ ခရိုင်လယ်စီက အတည်ပြုပြီး ပြန်ထုတ်ပေးတာကို ပုံစံ-၇ ပေါ့ ဝမ်းတွင်းမြို့နယ်ထဲမှာတော့ ဧက ၁ သောင်းခွဲ ကျော်လောက် လာမထုတ်သေးဘူး” လို့ ပြောပါတယ်။
မြောက်ဆည်ရွာ လယ်စီဥက္ကဋ္ဌ ဦးစန်းယု က “ဟိုလူကြောင့် ဒီလူကြောင့် ဟိုဌာနကြောင့် ဆိုတဲ့ တဦးနဲ့တဦး လက်ညှိုးမထိုးကြဘဲ ကိုယ်လုပ်ပိုင်ခွင့်ကိုယ်ရဖို့ အားလုံးပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ မြေစာရင်း၊ ဒါမှမဟုတ် ကျေးရွာလယ်စီမှာ လာစုံစမ်းမယ်။ ကိုယ့်မြေ ကိုယ့်ဘိုးဘွားမြေရှိနေရင် လျှောက်လွှာတင်ပြီး ကိုယ်လုပ်ပိုင်ခွင့် ထုတ်ယူကြစေချင်တယ်။ အတူတူပူးပေါင်းလုပ်ဆောင်မှ အကျိုးရှိမှာပါ” လို့ ပြောပါတယ်။
ရိုးစုံရွာနေတဲ့ တောင်သူကိုစိုးဦးက "အခုရ ထားတဲ့ ပုံစံ-၇ထဲမှာပါတဲ့ လယ်ယာမြေဟာ ကျနော့်မြေအကုန်လို့ ထင်တာပဲ။ ဒါပေမယ့် အခုရွာလယ်စီက အသံချဲ့စက်နဲ့ နှိုးဆော်နေမှ ကျနော့်ဘိုးဘွားတွေ အမည်ပေါက်များကျန်နေမလား လယ်ယာမလုပ်ပဲ ပစ်ထားမိတဲ့မြေကို ကျနော်မေ့သွားတာများ ရှိနေမလား ဆိုတာ လယ်စီမှာ သွားကြည့် သွားစုံစမ်းရဦးမယ်။ တခြားတောင်သူတွေလည်း ကျနော့လိုပဲ ဖြစ်မယ်ထင်တယ်။ ဒါကြောင့် ပုံစံ-၇တွေ မထုတ်ဘဲ ကျန်နေတာနေမှာပါ" လို့ ပြောပါတယ်။
လယ်ယာမြေဥပဒေသစ်ကို ၂၀၁၃ မှာ အတည်ပြုခဲ့ပြီး ပုံစံ-၇များထုတ်ပေးလာခဲ့တာ ၅ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ မိတ္ထီလာခရိုင်အတွင်းမှာတော့ ပုံစံ-၇ မထုတ်ကြသေးတာ ဦးပိုင်ကွင်းအနေနဲ့ ၂ သောင်းကျော်လောက်ရှိနေပြီး ဧက ၆သောင်းကျော်လောက်ရှိနေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)