ဂျပန်နှင့်တရုတ် နိုင်ငံခြားရေးဝန်ကြီး ဘေကျင်းမြို့တွင် တွေ့ဆုံ

1.1K
တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး တာရိုခိုနို ဟာ ဇန်န၀ါရီ ၂၈ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။
နှစ်ရက်ကြာ လာရောက်တဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးကို ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာမှာ လက်ခံတွေ့ဆုံခဲ့တာပါ။
အဲဒီလိုတွေ့ဆုံရာမှာ တရုတ်နိုင်ငံအနေနဲ့ ဂျပန်နဲ့ဆက်ဆံရေး အရင်အတိုင်း ပြန်လည်ကောင်းမွန်ဖို့ မျော်လင့်တယ်လို့ မစ္စတာဝမ်ယိက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံးနဲ့ တတိယ အကြီးဆုံးဖြစ်ကြတဲ့ တရုတ်နဲ့ ဂျပန်တို့ဟာ အရှေ့တရုတ်ပင်လယ် ကျွန်းငယ်များ အရေးကိစ္စနဲ့ ပတ်သက်ပြီး ကာလရှည် အငြင်းပွားနေခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းချက်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက သံသယ၀င်နေပါတယ်။
ဒါပေမယ့်လည်း ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဒေသတွင်း ထိပ်သီးအစည်းဝေးမှာ တရုတ်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့ နည်းလမ်းရှာဖွေခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။