အေအက်ဖ်စီ ယူ-၂၃ ချန်ပီယံရှစ် ဗိုလ်လုပွဲ ဥဇဘက်ကစ္စန်အသင်း ဗိုလ်စွဲ

1.2K
အကောင်းဆုံးခြေစွမ်း၊ စည်းလုံးညီညွတ်မှုအပြည့်နဲ့ အေအက်ဖ်စီယူ ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ ဗီယက်နမ်အသင်းဟာ စိတ်မကောင်းဖွယ်ရာ အချိန်ပို ၁၁၈ မိနစ်မှာ ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ဂိုး ခွင့်ပြုပေးခဲ့ရလို့ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ပွဲစဉ်တလျှောက် အကောင်းဆုံးပုံစံမှာရှိခဲ့တဲ့ အသင်းနှစ်သင်း တွေ့ဆုံခဲ့တာဖြစ်လို့ အကျိတ်အနယ်ရှိခဲ့ပေမယ့် ဗီယင်နမ်အသင်းရဲ့ ရုန်းအားကြောင့် ခြေစွမ်းပိုသာတဲ့ ဥဇဘက်ကစ္စတန်အသင်းဟာ ပွဲချိန်မိနစ် ၉၀ ထိ အနိုင်အရှုံးပေါ်အောင် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရာသီဥတု အခြေအနေကြောင့် ကွင်းအတွင်း ဆီးနှင်းတွေ ထူထပ်စွာကျဆင်းခဲ့ပြီး နှစ်ဖက်အသင်းသားတွေ မကြာခဏဆိုသလို လဲကျခဲ့ပါတယ်။
ဒါ့အပြင် အမြင်မသဲကွဲတာကြောင့် အဖြူရောင်ဝတ်ဆင်ကစားတဲ့ ဥဇဘက်အသင်းဟာ ဂျာဆီအပြာရောင် လဲကစားခဲ့ရပါတယ်။
ဥဇဘက်ကစ္စတန်အသင်းဟာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့်လည်း ဗီယက်နမ်အသင်းရဲ့ ပွဲစဉ်တလျှောက် ခြေစွမ်းပြနေတဲ့ ငုရင်ကွမ်ဟိုင်းကပဲ ဖရီးကစ်ကနေတဆင့် ခြေပဂိုးသွင်းယူပေးခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ တဖက်တဂိုးစီနဲ့ သရေကျနေခဲ့တာပါ။
ဒါပေမယ့် အချိန်ပို ၁၁၈ မိနစ်မှာတော့ ဥဇဘက်တိုက်စစ်မှူး ဆီဒိုရော့ဗ်က အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့လို့ ဥဇဘက်ယူ ၂၃ အသင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဗီယက်နမ်အသင်းဟာ ဒုတိယနဲ့ ပဲကျေနပ်ခဲ့ရပေမယ့် နိုင်ငံတွင်း ပရိသတ်တွေအပြင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေကပါ အားပေးချီးကျူးမှုကို ခံခဲ့ရပါတယ်။