ရထားလမ်းနား ဆယ်လ်ဖီရိုက်ရင်း အမျိုးသားတဦး ရထားတိုက်မိ (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ဟိုင်ဒရာဘက်မြို့မှာ အမျိုးသားတဦး ရထားလမ်းနား ဆယ်လ်ဖီရုပ်သံရိုက်ရင်း အမ်အမ်တီအက်စ်ရထား တိုက်မိသွားတဲ့ ရုပ်သံထွက်ပေါ်လာပြီး ဒီရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုသူပေါင်း ထောင်နဲ့ချီသွားတယ်လို့ သိရပါတယ်။ အားကစားဆရာ တီဆီဗားက အနားကလူနဲ့ ရထားမောင်းသူတို့ရဲ့ သတိပေးမှုကို လျစ်လျူရှုပြီး ဘိုရာဘန်ဒါဘူတာရုံနားမှာ ဇန်နဝါရီ ၂၁ ရက်က ဆယ်လ်ဖီရုပ်သံ ရိုက်ကူးခဲ့တာပါ။ မစ္စတာဆီဗား အသက်ရှင်ပေမယ့် ဦးခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ ဆောက်သ်စင်ထရယ် မီးရထားရဲက ပြောသလို သူ့အနေနဲ့ တရားရုံးကို လာပြီး ဒဏ်ငွေ ၅၀၀ ရူပီ (၇ ဒေါ်လာကျော်ကျော်) ပေးဆောင်ရမယ်လို့လည်း သိရပါတယ်။ ကြာချိန် ၂၁ စက္ကန့်ရှိတဲ့ရုပ်သံကို ဇန်နဝါရီ ၂၄ ရက်နေ့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ အကြိမ်ထောင်ပေါင်းများစွာ ဖြန့်ဝေခဲ့ကြပြီး ရုပ်သံထဲမှာ မစ္စတာဆီဗားက အမ်အမ်တီအက်စ်ရထား ချည်းကပ်လာချိန် ရထားလမ်းနားက မြေပြင်ပေါ် ရပ်နေတာ တွေ့ရပါတယ်။ သူ့အနားမှာ လူတယောက်က သတိပေးသလို ရထားကလည်း ဟွန်းအကြိမ်ကြိမ်တီးပေမယ့် မစ္စတာဆီဗားက နေရာကမရွှေ့ဘဲ ၁ မိနစ်ပဲလို့ ပြောကာ ရုပ်သံ ဆက်ရိုက်နေခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ညာဘက်ကို ရထားတိုက်မိသွားပြီး ဖုန်းလည်း မြေကြီးပေါ် ပြုတ်ကျသွားပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကာနာတာကာပြည်နယ်မှာ ဆယ်ကျော်သက် ၃ ဦး ရထားလမ်းနား ဆယ်လ်ဖီဆွဲလို့ ရထားတိုက်ခံခဲ့ရပြီး ဒေလီမြို့မှာတော့ ရထားလမ်းပေါ် ဆယ်လ်ဖီရိုက်ခဲ့လို့ ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။ လူမှုကွန်ရက်ကို လူငယ်တွေ စွဲလမ်းနေတာက အသိမဲ့တဲ့ ဆယ်လ်ဖီပုံတွေအတွက် အသက်အန္တရာယ်ဖြစ်စေပြီး အဲဒီလိုကိစ္စရပ်တွေမှာ လူငယ်တော်တော်များများ ပါဝင်ပတ်သက်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဆယ်လ်ဖီရိုက်လို့ ကမ္ဘာတဝှမ်း သေဆုံးမှုတွေထဲမှာ အများစုက အိန္ဒိယနိုင်ငံမှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လကနေ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း တကမ္ဘာလုံးပေါ်မှာ ဆယ်လ်ဖီပုံရိုက်ရင်း ၁၂၇ ဦး သေဆုံးခဲ့ကာ အဲဒီအထဲက ၇၆ ဦးက အိန္ဒိယမှာ ဖြစ်ခဲ့တာပါ၊ အများစုက လူငယ်တွေလို့ အမေရိကန်ပီအိတ်ခ်ျဒီကျောင်းသား ဟမ်းမန့်ခ်လမ်ဘာနဲ့ သူ့ရဲ့အဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တွီတာသုံးစွဲသူတွေက မစ္စတာဆီဗားကို ထိတ်လန့်ဖွယ် ရူးသွပ်တဲ့ အန္တရာယ်များတဲ့ လုပ်ရပ်ကို လုပ်တယ်လို့ ပြောလိုက်ပြီး ဆောက်သ်စင်ထရယ် မီးရထားလမ်းရဲ့ ပြောရေးဆိုခွင့်ရှိသူက မီးရထားလမ်းပေါ် လာပြီး ဆယ်လ်ဖီ ဓာတ်ပုံရိုက်လို့ မစ္စတာဆီဗားကို ၁၉၈၉ ခုနှစ် မီးရထားအက်ဥပဒေရဲ့ ပုဒ်မ ၁၄၇ နဲ့ အပြစ်ပေးမယ်လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။

//
More News
Up