A d v e r t i s e m e n t With Us

အိုလံပစ်ပွဲမတိုင်မီ ပူးတွဲသင်တန်းနေရာများ တောင်နှင့်မြောက်ကိုရီးယား စစ်ဆေး

တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံက ကိုယ်စားလှယ်တွေဟာ လာမယ့်လမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲ မတိုင်မီ ပူးတွဲပွဲစဉ်တွေ သင်တန်းတွေအတွက် နေရာတွေကို အပြန်အလှန် စစ်ဆေးနေပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ယဉ်ကျေးမှုနဲ့ အားကစား ဝန်ကြီးဌာန ဒုညွှန်မှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်တဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ဟိုတယ်တခုဆီကို ဇန်နဝါရီ ၂၇ ရက်နေ့က လာရောက်လည်ပတ်ပါတယ်။ ပြုံချမ်းမြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် မြောက်ကိုရီးယား ကိုယ်စားလှယ်ဖြစ်တဲ့ တိုက်ကွမ်ဒို သရုပ်ပြအဖွဲ့အတွက် နေရာထိုင်ခင်းတွေနဲ့ ပွဲကျင်းပမယ့် နေရာတွေကို လာရောက် စစ်ဆေးတာပါ။ သူတို့အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ခရီးနဲ့ ကြာသပတေးနေ့က ရောက်လာတာပါ။ စစ်ဆေးပြီးတာနဲ့ သူတို့နိုင်ငံကို နေ့ချင်းပြန် ခရီးစဉ်နဲ့ ပြန်ကြမှာပါ။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကလည်း မြောက်ကိုရီးယားနိုင်ငံထဲက နှင်းလျှောစီး အပန်းဖြေစခန်းနဲ့ ဖျော်ဖြေရေးခန်းမတွေကို ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ သွားရောက် စစ်ဆေးပါတယ်။ Masik တောင်ကြား အပန်းဖြေစခန်း၊ ကမ်ဂံတောင် အပန်းဖြေစခန်းနဲ့ ကယ်လ်မာ လေဆိပ်တို့ကို သွားရောက် စစ်ဆေးနေပုံ ရုပ်သံကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဖြန့်ချိခဲ့ပါတယ်။ ပြုံချမ်းအိုလံပစ်ပွဲတော် မတိုင်ခင်မှာ ပူးတွဲသင်တန်းတွေကို မာဆစ်တောင်ကြား အပန်းဖြေစခန်းမှာ လေ့ကျင့်ဖို့ ၂ နှစ်အတွင်း ပထမဆုံးဖြစ်တဲ့ ကိုရီးယား ၂ နိုင်ငံကြား တရားဝင် ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာပါ။ နောက်ထပ် သဘောတူညီချက်အရ ဖေဖော်ဝါရီ ၉ ရက်နေ့ ကျင်းပမယ့် အိုလံပစ်ပွဲတော် ဖွင့်ပွဲနေ့မှာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ ပူးတွဲအသင်းဟာ ညီညွတ်သော ကျွန်းဆွယ်အလံရဲ့ အောက်မှာ တူညီဝတ်စုံကို ဝတ်ပြီး ချီတက်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up