ရီးရဲလ်အသင်းဖော်များ ဆက်လက်တိုက်ပွဲဝင်ကြရန် ရော်နယ်ဒို တိုက်တွန်း

ဓာတ်ပုံ - skysports
2K
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းဖော်တွေကို ဆက်လက်ပြီး တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်တဲ့ စာတကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ တွစ်တာမှာ တင်လိုက်ပါတယ်။
ရော်နယ်ဒိုက မက်ဒရစ်အသင်းသားတွေကို "ကြိုးစားထား အသင်းသားတွေ၊ ကြိုးစားထား မက်ဒရစ်သားတွေ၊ ငါတို့မှာ တိုက်ပွဲတွေ အများကြီးကို ရင်ဆိုင်အနိုင်ယူဖို့ ရှိသေးတယ်" လို့ ရေးသားခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးခြေစွမ်းနဲ့ ရလဒ်တွေ ဆိုးရွားနေခဲ့ပါတယ်။
လာလီဂါမှာလည်း ထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၉ မှတ်ထိ ကွာဟနေသလို ကိုပါဒယ်ရေးဖလားမှာလည်း လီဂါနက်စ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေလို့ လာမယ့်ပွဲစဉ်တွေကတော့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေသလို တိုက်စစ်မှူး ရော်နယ်ဒိုလည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပြီး ဥက္ကဋ္ဌ ပီရက်စ်နဲ့ သဘောတူညီမှု မရတာကလည်း အဓိကအချက်တချက် ဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုတယ်လို့ ပြောကြားထားပါတယ်။