Live
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် စည်ပင်လုပ်ဆောင်ချက်များကို ပြည်သူလူထု အားရကျေနပ်မှု မရှိ
DVB
·
January 26, 2018
တိုင်းနဲ့ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ဒေသခံ ပြည်သူတွေက အားရကျေနပ်မှု မရှိဘူးလို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်က ထုတ်ဝေတဲ့ ဒေသန္တရ စီမံအုပ်ချုပ်မှုဆိုင်ရာ သုသေတန စာတမ်းမှာ ဖော်ပြပါတယ်။ ပြည်နယ်၊ တိုင်းအနှံ့ရှိ လူဦးရေ ၃၅၀၀ ကျော်ကို မေးမြန်းပြီး ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ လူဦးရေ ၁၆၀၀ ကျော်က အရင်ကထက် ပိုကောင်းလာတယ်လို့ ဖြေဆိုခဲ့ကြပြီး ၁၅၀၀ ကျော်ကတော့ အရင်အတိုင်းပဲလို့ ဖြေခဲ့ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်၊ တိုင်း စည်ပင်သာယာရေးအဖွဲ့တွေဟာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တွေ လက်အောက်မှာ ရှိတာကြောင့် ပြည်နယ်၊ တိုင်းအစိုးရတွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ ဒီထက်ပိုပြီး ဂရုတစိုက် အလုပ်လုပ်ကြဖို့ လိုတယ်လို့လည်း စစ်တမ်းက ထောက်ပြပါတယ်။ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး လူ ၃၅၀၀ ကျော်အနက် ၄၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၄၀ ရာခိုင်နှုန်းကပဲ မရှိတော့ဘူးလို့ ဖြေကြားခဲ့တယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေနဲ့ ဆက်ဆံနေကြတဲ့ ဌာနဆိုင်ရာတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေသေးတာ ငြင်းမရတဲ့အချက် ဖြစ်နေတယ်လို့ စစ်တမ်းက ဆိုပါတယ်။ သုသေတနစာတမ်းကို ပြုစုတင်ပြခဲ့တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ဟာ လွှတ်တော် လေ့လာစောင့်ကြည့်တာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေကို စောင့်ကြည့်လေ့လာတာတွေ လုပ်ပြီး အလားတူစစ်တမ်းတွေ ပုံမှန်ထုတ်ပြန်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အခု စစ်တမ်းကို ပြည်နယ်တိုင်းတချို့မှာ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတွေ ပေးရင်း ဒေသခံလူထုကို တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းထူထောင်ခဲ့တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဦးဆောင်နေတာ ဖြစ်ပါတယ်။ Photo : Open Myanmar Initiative

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024