ဘာစီလိုနာနှင့်အာဆင်နယ်ကို နည်းပြအဖြစ် တာဝန်မယူဟု စပါးနည်းပြပြော

1.2K
ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေကို ဘယ်တော့မှ နည်းပြအဖြစ် တာဝန်ယူမှာ မဟုတ်ဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။
ပိုချက်တီနိုဟာ ဘာစီလိုနာအသင်းရဲ့ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းမှာ ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ တာဝန်ယူခဲ့ဖူးသူ ဖြစ်တာကြောင့် ပြိုင်ဘက် ဘာစီလိုနာအသင်းကို ဘယ်တော့မှ ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။
ဒါ့အပြင် စပါးအသင်းရဲ့ အနီးကပ်ဆုံး မြို့ခံပြိုင်ဘက်ဟာ အာဆင်နယ်အသင်း ဖြစ်နေတာကြောင့် အာဆင်နယ်အသင်းဆီကိုလည်း ဘယ်တော့မှ ပြောင်းရွှေ့တာဝန်ယူမှာ မဟုတ်ဘူးလို့ ပိုချက်တီနိုက ပြောကြားလိုက်တာပါ။
အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ ကစားသမားဘဝကို မွေးရပ်မြေကလပ် နယူးဝဲလ်အိုးဘွိုင်းအသင်းနဲ့ စတင်ခဲ့ပြီး အဲဒီအသင်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရိုစာရီယိုဆန်ထရယ် အသင်းကို ပြောင်းရွှေ့တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ပိုချက်တီနိုအနေနဲ့ စပါးအသင်းကို အဆင့်တခုအထိ ရောက်အောင် စွမ်းဆောင်ထားတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကလည်း လက်ရှိနည်းပြ ဇီဒန်းရဲ့နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေပါတယ်။
လက်ရှိအချိန်မှာ စပါးအသင်းအတွက်ပဲ အာရုံစိုက်ထားပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ်လို့ ရီးရဲလ်နည်းပြရာထူးနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက ပြောဆိုသွားပါတယ်။