မလေးရှားအမျိုးသားတဦး ဖုန်းအားသွင်းရာမှ ဓာတ်လိုက်သေဆုံး

မလေးရှားနိုင်ငံမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးဟာ ဖုန်းအားသွင်းရာမှ ဓာတ်လိုက်သေဆုံးသွားခဲ့တယ်လို့ ချန်နယ်လ်နယူးစ်အေးရှား သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၂၃ ရက်နေ့က မလက္ကာပြည်နယ်တွင်းမှာ ဖြစ်ခဲ့ပြီး ရော့စ်လီ အော့သ်မန်လို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်မှာ ဖုန်းအားသွင်းကြိုးနဲ့ သူ့ရဲ့မိုဘိုင်းဖုန်းကို အားသွင်းခဲ့တာပါ။
အဲဒီအမျိုးသားဟာ အလုပ်ကြမ်းသမားတဦးဖြစ်ကာ အခင်းဖြစ်တဲ့နေရာမှာ သတိလစ်မေ့မျောပြီး သေဆုံးနေတာကို သူငယ်ချင်းဖြစ်သူက ညပိုင်း ၁၁ နာရီခွဲလောက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဂျာဆင်းခရိုင်ရဲတွေက ပြောပါတယ်။
သေဆုံးသူရဲ့ အနီးမှာတော့ မိုဘိုင်းဖုန်း၊ ဖုန်းဘက်ထရီအားသွင်းကြိုးနဲ့ လျှပ်စစ်အားသွင်းကြိုးတွေ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သူ့ရဲ့ခန္ဓာကိုယ်မှာ တခြားထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားတာမျိုးမရှိဘဲ သမားရိုးကျ သေဆုံးတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ထားပြီး ကနဦး စစ်ဆေးချက်အဖြေ ရနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။